နမ့်ခမ်း ၁၂ နိုဝင်ဘာ

 

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ရာ ယနေ့နံနက်(၁၀)နာရီက ရွေးကောက်ပွဲ အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတည်ပြု ထုတ်ပြန်ကြေညာပေးသည်။

 

နမ့်ခမ်းတစ်မြို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)(SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ) (SNLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ တအာင်း(ပလောင်) အမျိုးသားပါတီ(TNP)၊ ကချင်အမျိုးသားပါတီ(KNP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

မြို့နယ်ရွေးကောက်ပွဲကော်မရှင်းအဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇင်မောင်က အနိုင်ရ နိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် ကြေညာပေးကာ နမ့်ခမ်းမြို့တွင် လွှတ်တော်(၃)ရပ်လုံး တအာင်း(ပလောင်) အမျိုးသားပါတီမှ အနိုင်ရရှိပြီး အမျိုးသားလွှတ်တော်နေရာ  ဦးအိုက်မွန်း(၂၅၁၇၇)မဲ၊ ပြည်သူ့လွှတ်တော်နေရာ ဦးထွန်းကျော်(၂၅၇၇၆)မဲ၊ အမှတ်(၁) မဲဆန္ဒနယ် ရှမ်းပြည်နယ်လွှတ်တော်နေရာ ဦးအေးမောင်(၁၃၂၇၅)မဲနှင့်   အမှတ်(၂)မဲဆန္ဒနယ် ရှမ်းပြည်နယ်လွှတ်တော်နေရာ ဒေါ်အိုင်စောစိန် (၁၂၅၃၃)မဲ အသီးသီးအနိုင်ရရှိပြီး မြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အတည်ပြုထုတ်ပြန်ကြေညာပေးလျက်ရှိရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးကြသည်။

 

ပါတီအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်များထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် သတင်းမီဒီယာများက တက်ရောက်ကြောင်း သိရသည်။

 

ဘဦး(ပြန်/ဆက်)