မြင်းခြံ ၁၂ နိုဝင်ဘာ

 

မြင်းခြံမြို့နယ်အတွင်း ကျေးရွာ(၁၅)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

"၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြင်းခြံမြို့နယ်မှ ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း ကျေးရွာ (၁၅) ရွာ ရရှိပါတယ်၊ ရွာတစ်ရွာကို နိုင်ငံတော်ဘတ်ဂျက် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ပေးသွားမှာပါ။ ကျေးရွာရဲ့ ရွာတွင်းလမ်း၊ သောက်သုံးရေ၊ အခြေခံအဆောက်အဦ ဆောက်လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်၊ ကျေးရွာတစ်ရွာကို ထောက်ပံ့ပေးတဲ့ ငွေကျပ် သိန်း ၁၀၀ ကို သူတို့ရွာကို ကော်မတီဖွဲ့ပြီး တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်ပေးလိုက်တာပါ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရရှိသည့် ကျေးရွာများကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီက ရွေးချယ်ပေးခဲ့တာပါ" ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ပြောသည်။

 

မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရရှိသည့် ကျေးရွာ(၁၅)ရွာမှာ ကိုင်း(တ)၊ ဆင်ချောင်း(တ)၊ ရွာစည်(မ)၊ ဆိတ်ညံ၊ သဲဖြူဝ(ရွာမ)၊ သင်ပြွန်း၊ ညောင်ပင်၊ ဖက်ရင်း၊ ရသာ၊ ရွာသာယာ၊ ကတော၊ ကံရွာ၊ ငါ့နန်း၊ ဒူလဗိုလ်၊ ကိုင်း စသည့် ကျေးရွာများဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ကျေးရွာ (၁၁) ရွာကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)

 

mdn