၁၂ နိုဝင်ဘာ
တောင်အာဖရိက နိုင်ငံရဲ့ တောင်ပိုင်းရှိ ပြည်နယ်တစ်ခုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း ရှိလာကြောင်း သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ က ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
ကိတ်အရှေ့ပိုင်းပြည်နယ်ဟာ တောင်အာဖရိက နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး ဒေသဖြစ်ပြီး အဲဒီဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်းအထိ တိုးပြီး တွေ့ရှိခဲ့ပါတယ်။
သမ္မတက ကိတ် အရှေ့ပိုင်းဒေသမှာ ပိုးတွေ့ရှိသူ များလာတာဟာ နိုင်ငံကို သတိထားရန် အချက်ပေး နှိုးဆော်လိုက်တာဖြစ်ကြောင်း၊ ပေါ့ပေါ့ဆဆ နေဖို့ မဖြစ်တော့ကြောင်း၊ ဒုတိယလှိုင်းကို ရှောင်တိမ်းဖို့ အတွက် လူတိုင်းက ကျရာတာဝန် ထမ်းဆောင်ဖို့ လိုအပ်ကြောင်း၊ ကိုယ့်ကိုကိုယ်နဲ့ တခြားသူတွေ လုံခြုံရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သတိပေးပြောကြားပါတယ်။
တောင်အာဖရိကမှာ ပိုးတွေ့ရှိသူ ၇၄၂,၃၀၀ ကျော်နဲ့ သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
သမ္မတက ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရန် ရောဂါပိုး ကူးစက်မှု လမ်းကြောင်းရှာဖွေခြင်း၊ ရောဂါပိုး စစ်ဆေးခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ ကုသမှုပေးရာ ပြင်ဆင်ခြင်းတွေ လုပ်ဆောင်မယ်လို့ ပြောကြားပါတယ်။
နိုင်ငံသားတွေကိုလည်း ရောဂါပိုးနဲ့ ပတ်သက်တဲ့ တားမြစ်ချက်ကို လိုက်နာရန်၊ မျက်နှာဖုံး ဝတ်ဆင်ရန်နဲ့ လူစုလူဝေးလုပ်ခြင်း ရှောင်ကြဉ်ရန် သမ္မတ က တိုက်တွန်းထားပါတယ်။
ရောဂါပိုးကူးစက်မှု မြင့်မားချိန် မတ်လမှာ တင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့မှုစည်းမျဉ်းကို ချမှတ်ခဲ့ပါတယ်။
သမ္မတက တားမြစ်ထားချက် အချို့ကို ပြန်လည်ရုပ်သိမ်းပေးမှာဖြစ်ပြီး နိုင်ငံ့စီးပွားရေး အမြန်ဆုံး ပြန်လည် တိုးတက်ရန်အတွက် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အရက်ဝယ်ယူခွင့် တားမြစ်ချက်ကို ရုပ်သိမ်းပေးသွားမှာ ဖြစ်ပြီး နိုင်ငံကို လာရောက်လည်ပတ်မယ့်သူတွေကို ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ထောက်ခံချက်နဲ့ ပြန်လည်လက်ခံဖို့ကိုလည်း လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP
