(၁၂-၁၁-၂၀၂၀ ရက်၊ တိုကျို)

 

၁။ မြန်မာသံရုံး၊ တိုကျိုမြို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်းစီစဉ်ပေးခဲ့ပါသည်။

 

၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် ယနေ့ မွန်းလွဲ ၁၁၃၅ နာရီတွင် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားပြီး ဂျပန်နိုင်ငံသို့ ကာလတို ဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၁၅၆) ဦး လိုက်ပါသွားခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံပညာရှင်/ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း  (၂၀) ဦး တို့လည်း လိုက်ပါသွားကြပါသည်။

 

၃။ (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့မှ သံရုံးဝန်ထမ်းများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

#Ministry_of_Foreign_Affairs_Myanmar