မိတ္ထီလာ   ၁၂   နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ (၂၀)ရွာနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာရွေးချယ်ပွဲကို နိုဝင်ဘာ  ၁၁ ရက် နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

             

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လိုအပ်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ထောက်ပံ့ပေးပြီး   ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ် သိန်း(၃၀ဝ)ကို  ပေးအပ်ပြီး ၎င်းကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အရောင်းအဝယ် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြင့်လုပ်ငန်းနိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၃ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၅၂)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ ၂၀ နှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်းထမ်းတို့က ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)