နေပြည်တော် ၁၂ နိုဝင်ဘာ 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၄၃)ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် (၈)နာရီခွဲတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသား (၁၅၆)ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၅)နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယမန်နေ့မွန်းတည့် (၁၂)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ  ပြန်လည်ရောက်ရှိခဲ့ကြပြီး အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၄၁)ဦး၊ ပနားမားမှ (၁၈)ဦး၊ မက္ကဆီကိုမှ (၃၆)ဦး၊ အင်ဒိုနီးရှားမှ (၆)ဦး၊ စင်ကာပူမှ (၃၉)ဦး၊ တောင်အာဖရိကမှ (၂)ဦး၊ ဗီယက်နမ်မှ (၁)ဦး၊ ဩစတြေးလျမှ (၁)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၄)ဦး လိုက်ပါခဲ့ကြသည်။

အလားတူ အိုမန်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ကိုင်ရိုမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယမန်နေ့ည (၁၀)နာရီတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပြီး အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆော်ဒီအာရေဗျမှ (၂)ဦး၊ ကာတာမှ (၄)ဦး၊ ယူအေအီးမှ (၉၁)ဦး၊ ဘာရိန်းမှ (၂)ဦး၊ ကူဝိတ်မှ (၁)ဦး၊ ဂျာမနီမှ (၁)ဦး၊ မော်လ်ဒိုက်မှ (၆)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၁)ဦး၊ အိန္ဒိယမှ (၆)ဦး၊ တန်ဇန်နီးယားမှ (၂)ဦး၊ ပနားမားမှ (၈)ဦး၊ နိုင်ဂျီးရီးယားမှ (၂)ဦး၊ အင်္ဂလန်မှ (၁၀)ဦး၊ ရုရှားမှ (၁)ဦး၊ အီဂျစ်မှ (၉)ဦး၊ ဩစတြေးလျမှ (၃)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၉) ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ 
 
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

သတင်းစဉ်