နေပြည်တော် ၁၂ နိုဝင်ဘာ

ပို့ကုန်သွင်းကုန် မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များ မှတ်ပုံတင်ခြင်းနှင့် ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း (Soft Launch) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အများပြည်သူထံ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သော  ပို့ကုန်သွင်းကုန် လိုင်စင်နှင့်ဆက်စပ်လုပ်ငန်းများ အားလုံးကို Myanmar Tradenet 2.0 စနစ် Online Service များကို အသုံးပြု၍ ပိုမိုကောင်းမွန်ပြီး ပိုမိုရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်ပေးနိုင်တော့မည့် ဖြစ်သည့်အတွက် ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် အင်တာနက်အသုံးပြုပြီး ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများကို အချိန်ကုန်၊ ငွေကြေးကုန် ကျမှုသက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ Myanmar Tradenet စနစ် အကောင်အထည်ဖော်ခြင်းဖြင့် ဌာန၏ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးသာမက ကုန်သွယ်မှု လုပ်ငန်းစဉ်တစ်လျှောက်ရှိ ဌာနများပါ ပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်းစဉ်တစ်လျှောက် တူညီစွာအသုံးပြုသည့် အချက်များအား Single Entry စနစ်ဖြင့် ဆောင်ရွက်နိုင်စေရန်၊ National Single Window အထောက်အကူပြုစနစ် တစ်ခုဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခဲ့သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၎င်းစနစ်အား လွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်ပြီး Tradenet 2.0 စနစ် မရှိသေးသည့် ကုန်သွယ်မှုနှင့် ဆက်စပ်သည့်ဌာနများပါ ပါဝင်အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စနစ်တစ်ခုအဖြစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အခွင့်အလမ်းများရရှိ၍ Ease of Dong Business Ranking တိုးတက်မှုကိုလည်း အထောက်အကူပြုလာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း  ပြောကြားသည်။

အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ကို အသုံးပြုရန်အတွက် ပထမအဆင့်အနေဖြင့် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များသည် TradeNet အသင်းဝင်ခွင့်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များ လျှောက်ထားခြင်းများကို နိုဝင်ဘာ (၁၆) ရက်မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ကာ ဒီဇင်ဘာ (၁) ရက်မှစ၍ ကုန်ပစ္စည်းအမယ်အချို့ကို စတင်လျှောက်ထားနိုင်မည် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် ကုန်ပစ္စည်း အမယ်အားလုံးအား လျှောက်ထားနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များနှင့် ပို့ကုန်/သွင်းကုန် လိုင်စင်များကို အွန်လိုင်းမှ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမိတ်ဆက်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊  Myanmar Tradenet 2.0 စနစ် အကောင်အထည်ဖော်ရန် ပံ့ပိုးပေးသည့် USAID မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs နှင့် တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ပေးသည့် Information Matrix Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ MPU၊ KBZ၊ MCB နှင့် Ayeyarwaddy ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ပမြန်မာနိုင်ငံသံရုံးများရှိ စီးပွားရေးသံမှူးများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပြင်ပသတင်းမီဒီယာဌာနများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်