မန္တလေး ၁၂ နိုဝင်ဘာ
မြန်မာနိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ခြင်းနှင့်အတူ ရှေးဟောင်း သမိုင်းအမွေအနှစ်များစွာကို တွေ့မြင်နိုင်သည်။ အနော်ရထာမင်းကြီး၏ ပုဂံရွှေနန်းတော်၊ ဘုရင့်နောင်မင်းကြီး၏ ကမ္ဘောဇသာဒီနန်းတော်၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာ မင်္ဂလာနန်းတော်၊ မင်းတုန်းမင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော်တို့မှ မြန်မာဆိုသည်ကို ခိုင်မာစွာပြသနေပေသည်။
ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံဖြစ်သည့်အားလျော်စွာ ရှေးခေတ် ရှင်ဘုရင် မိဖုရားနှင့်တစ်ကွ၊ မင်းမှုထမ်းများ၊ ပြည်သူပြည်သားများ တည်ဆောက်လှူဒါန်းထားသော ဘုရားကျောင်းကန်မျာစွာရှိသည်။ မန္တလေးမြို့တွင် ရှေးမူ ရှေးဗိသုကာလက်ရာများ တည်ရှိနေသော ကျောင်းတိုက်များစွာရှိသည်။ ထိုအထဲတွင် လက်ရာမြောက်လှသော မဟာအတုလွတ် ဘုံစံပြည်ကျောင်းတိုက်လည်း ပါဝင်သည်။
ပြည်ကျောင်းတိုက် ကျောင်းဦးပြာသာဒ်မှာ ဘုံခုနစ်ဆင့်ဖြစ်ပြီး ဝဲ/ယာကို ယွန်းဆောင်ထုတ်ထားသည်။ စနုဆောင်မှာ ထူးခြားပြီး နေကျော်ဆောင်ရှည်ပုံစံ တည်ဆောက်ထားသည်။ ဇေတဝန်ဆောင်မကြီးမှာ အမိုးသုံးထပ် လယ်ပေါ်နှစ်ဆင့်ဖြစ်ပြီး ဝဲ/ယာတွင် အဆောင်ပွားများကို အမိုးချင်းပြိုင်လျက် တည်ဆောက်ထားသည်။ ထူးခြားသော သင်္ကေတအဖြစ် သရက်ကင်းလှေကားကြီးများ မတွေ့ရဘဲ တောင်ဘက်ဇေတဝန်ဆောင်ပွားတွင် တပ်ဆင်ထားသည့် လှေကားတစ်စင်းသာရှိနေခြင်း ဖြစ်သည်။ ကျောင်းတိုက်ကြီးတွင် အမရပူရခေတ်လက်ရာ ပန်းပုအမွန်းများဖြင့် ခြယ်မှုန်းထားသည်။ တံခါးမကြီးများတွင် ပတ်တာအသုံးပြုခြင်းမရှိဘဲ ရှေးမူရှေးဟန်အတိုင်း ပြုလုပ်ထားသည်။
ပြည်ကျောင်းတိုက်ကို သာယာဝတီ (ခေါ်) ရွှေဘိုမင်းနှင့် အလယ်နန်းမိဖုရားကြီး၏ သားတော်ကြီး ပြည်မင်းသားက တည်ဆောက်လှူဒါန်းထားသည်။ အမရပူရရွှေမြို့တော်ရဲ့ အရှေ့တောင်ယွန်းတွင် လေးထပ်၊ စေတဝန်ရွှေကျောင်းကို တုလွတ်ဘုံစံဟု ရေးထိုးစိုက်ထူကာ ရွှေတောင်ဆရာတော် ဂုဏမုနိန္ဒာလင်္ကာရ သဒ္ဓမ္မမဟာဓမ္မရာဇာဓိ ရာဇာဂုရုအား ကိုယ်တိုင်ရေစက်သွန်းချ လှူဒါန်းခဲ့ကြောင်း သိရသည်။ အမရပူရခေတ် လက်ရာအတိုင်း တည်ရှိသော သစ်သားကျောင်းဖြစ်ပြီး ကျောင်းတော်ကြီး၏ တံခါးပေါက်များတွင် ထူးခြားသော နတ်ရုပ်၊ သိကြားရုပ်၊ ပန်းပုရုပ်လုံးရုပ်ကြွများကို တွေ့မြင်နိုင်သည်။ တိုင်ပေါင်း ၁၄၆ တိုင်ဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းကျောင်းဖြစ်ပြီး ဘုရားဆောင်ခန်းထဲတွင် ရှေးဟောင်းဘုရားဆင်းတုများ စာတိုက်ဗီရိုများ၊ ပေစာထုတ်များ၊ အမရပူရခေတ် မှန်စီရွှေချလက်ရာများ၊ မီးအိမ်၊ မီးဆိုင်း၊ တိုင်ဖုံးပန်းဆွဲများနှင့် တိုင်ခြေတွင် ဇာတ်တော်ပန်းပုရုပ်များ တွေ့နိုင်သည်။ မဟာတုလွတ်ဘုံစံပြည်ကျောင်းတိုက်သည် မန္တလေးမြို့ရှိ မူလအတိုင်းတည်ရှိနေသော သစ်သားကျောင်းများထဲတွင် အစောဆုံးအဖြစ် ဂုဏ်ယူဖွယ်တည်ရှိနေသည်။ လက်ရာမြောက် ရှေးဟောင်းသစ်သားကျောင်းတော်ကြီးဖြစ်သည့် မဟာတုလွတ်ဘုံစံပြည်ကျောင်းတိုက်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် တည်ရှိပြီး မြန်မာမှုဗိသုကာလက်ရာနှင့် ရှေးဟောင်းရုပ်ပွားတော်များကိုပါ ဖူးမြော်နိုင်ကြောင်း သိရသည်။
တိမ်တမန်


