ရန်ကုန် ၁၂ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ဆက်လက်ထုတ်ပြန်ကြေညာသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်ရှိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒလမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁) နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ် လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ဆက်လက်၍ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်ရှိန်က ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးခင်မောင်မောင်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

“၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ရက်ပေါင်း ၂၀ ကြာမှ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးနိုင်တာ ဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာ ဆန္ဒမဲရလဒ် ထုတ်ပြန်တာ ၄ ရက်ပဲရှိပါသေးတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တစ်မြို့နယ်ပြီး တစ်မြို့နယ် ကြေညာပေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်နေရာတွေအတွက် ဆန္ဒမဲစာရင်းထုတ်ပြန်တာ မြန်နိုင်ပေမယ့် ကရင်နဲ့ ရခိုင် တိုင်းရင်းသားလူမျိုးနေရာတွေအတွက်က ရန်ကုန်တိုင်းတစ်တိုင်းလုံး ၄၅ မြို့နယ်လုံးပေါင်းပြီး ရတဲ့ရလဒ်ကို ထုတ်ပြန်ရတာဖြစ်တဲ့အတွက် အချိန်ယူရပါတယ်။ အမျိုးသားလွှတ်တော်ဆိုရင်လည်း သက်ဆိုင်ရာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအားလုံးက ရတဲ့ရလဒ်တွေကိုပေါင်းပြီးမှ ထုတ်ပြန်ကြေညာလို့ရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်နေရာတွေအတွက် ဆန္ဒမဲစာရင်း ထုတ်ပြန်တာ မြန်နိုင်ပေမယ့် အမျိုးသားလွှတ်တော်နေရာနဲ့ တိုင်းရင်းသား နေရာတွေအတွက်က နောက်မှ ကြေညာနိုင်မှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ပြောသည်။

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်