နေပြည်တော် ၁၂ နိုဝင်ဘာ

ကမ္ဘာ့ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေသကဲ့သို့ အခြားသော ကျန်းမာရေးပြဿနာများ၊ ရောဂါများ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူပေါင်း (၄၆၃) သန်းကျော်ရှိနေပြီး နှစ်စဉ်ရောဂါနှင့် ဆက်စပ်သေဆုံးသူပေါင်း (၄ ဒသမ ၂) သန်းကျော်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော WHO STEPS Survey အစီရင်ခံစာအရ အသက် (၁၅) နှစ်မှ (၆၄) နှစ် အရွယ်အတွင်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူသည် (၁၀ ဒသမ ၅) ရာခိုင်နှုန်းရှိနေပြီး  ရောဂါနှင့် ဆက်စပ်သေဆုံးသူပေါင်း (၁၉ ဒသမ ၇) ရာခိုင်နှုန်းရှိပါကြောင်း၊ ယခုအခါတွင် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သောရောဂါများသည် နေထိုင်မှုပုံစံများ၊ စားသောက်မှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ပွားမှု ပိုမိုများပြားလာလျက်ရှိပါကြောင်း၊ ထိုသို့ အရေးကြီးသည့် ကျန်းမာရေးပြဿနာဖြစ်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သဘောတူညီဆုံးဖြတ်ချက်များအရ ၂၀၀၆ ခုနှစ်မှ စတင်၍ နှစ်စဉ် နိုဝင်ဘာ ၁၄ ရက်နေ့ကို ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) အဖြစ် သတ်မှတ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့၏ အကြောင်းအရာ ခေါင်းစဉ်မှာ "ဆီးချိုကာကွယ်ဖို့ သူနာပြုစွမ်းအား အလေးထားစို့" ဖြစ်ပြီး ဆီးချိုသွေးချိုကာကွယ်ကုသမှု လုပ်ငန်းများတွင် သူနာပြုများနှင့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်း၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူတစ်ဦးချင်းစီတွင် ခြေလက်များ ဆီးချိုရောဂါကြောင့် ထိခိုက် ပျက်စီးခြင်း၊ အမြင်နှင့် အကြားအာရုံထိခိုက်ပျက်စီးခြင်း၊ နှလုံးနှင့် သွေးကြောရောဂါများ၊ ကျောက်ကပ် ရောဂါ၊ အာရုံကြောရောဂါ စသည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားခြင်း စသည်တို့ကြောင့် ဘဝနေထိုင်မှု အရည်အသွေးနိမ့်ကျခြင်း၊ ရောဂါရှိသူမိခင်မှ မွေးဖွားသော ကလေးတွင် ကျန်းမာရေးပြဿနာများရှိခြင်း၊ ရောဂါရှိသူသည် အရွယ်မတိုင်မီသေဆုံးနိုင်ခြင်း စသည်တို့ကို ခံစားရနိုင်ပါကြောင်း၊ ထို့အပြင် နာတာရှည်ရောဂါဖြစ်သဖြင့် ဘဝတစ်လျှောက်လုံး ဆေးဝါးများစွဲသောက်ရခြင်းနှင့် ကုသမှုခံယူရခြင်းကြောင့် လူမှုရေးပြဿနာများ၊ ငွေကြေးကုန်ကျမှုများ ဖြစ်ပွားခံစားရနိုင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အဆိုပါရောဂါသည်များကို ကုသရသည့် စရိတ်စကများ ကုန်ကျမှုများပြားမည်ဖြစ်ပါကြောင်း၊ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပါက အဆိုပါ တစ်ဦးချင်းဆိုးကျိုးများကို ကာကွယ်နိုင်မည် ဖြစ်ကာ နိုင်ငံတော်အတွက်လည်း အဆိုပါလူနာများကို ကုသရမည့် စရိတ်များအား အခြားသော ကျန်းမာရေးကဏ္ဍတိုးတက်ရေး ကိစ္စရပ်များတွင် သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။

ဆီးချို သွေးချိုရောဂါကို ကာကွယ်နိုင်သည့် အချက်များဖြစ်သည့် ကိုယ်အလေးချိန်ထိန်းညှိခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်ပြုလုပ်ခြင်း၊ အချိုလွန်ကဲသော အစားအသောက်များ ရှောင်ကြဉ်ခြင်း အပါအဝင် ကျန်းမာရေးနှင့်ကိုက်ညီစွာ စားသောက်ခြင်းတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များတွင် ထည့်သွင်းထားသော ကျန်းမာရေးအသိပညာပေး အချက်အလက်များကို ပြန်လည်ဆန်းစစ်ကာ နောက်ဆုံးတွေ့ရှိချက် အသစ်များနှင်အညီ ရောဂါဖြစ်ပွားစေသည့် အချက်များ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဆီးချိုသွေးချိုရောဂါ၏ ကနဦးလက္ခဏာများ၊ ရောဂါဖြစ်ပွားမှုရှိပါက စနစ်တကျကုသမှုခံယူရန် အချက်များကို လွယ်ကူရိုးရှင်းစွာ နားလည်နိုင်ရေး မွမ်းမံရေးသား ထည့်သွင်းထားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ Mobile Tablet များကို အသုံးပြုကာ မြို့နယ်များ၊ ရပ်ကွက်များတွင် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ကာ ဆီးချိုသွေးချိုကျန်းမာရေး အသိပညာပေးမှုများကိုလည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုကို စောစီးစွာ စစ်ဆေးသိရှိကာ စနစ်တကျကုသမှုခံယူပါက နောက်ဆက်တွဲရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည်ကို ပြည်သူလူထုအား ကျယ်ပြန့်စွာ အသိပညာပေးရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းဖြင့် အရည်အသွေးပြည့်ဝသော ရောဂါစစ်ဆေးကုသမှု လွှမ်းခြုံခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသော အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်ကြီးဌာန၏ ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနများ စုစုပေပေါင်း (၁၀,၀၀၀) ကျော်တွင် ဗုဒ္ဓဟူးနေ့တိုင်းတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ကာ ရောဂါစစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ကုသမှုပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလမှ ယခုနှစ် ဇွန်လအထိ ဆေးခန်းများသို့ လာရောက်ပြသသူ (၃ ဒသမ ၂) သန်းကျော်ကို စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ လာရောက်ပြသသူများတွင် (၄) သိန်းကျော်တွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှင့် (၈)သိန်း (၈)သောင်းတွင် သွေးတိုးရောဂါ ဖြစ်ပွားမှုတွေ့ ရှိပါကြောင်း၊ အဆိုပါ ဆေးပေးခန်းများအတွက် ဘဏ္ဍာငွေများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပိုမိုပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူများ၏ (၉၄) ရာခိုင်နှုန်းသည် ရောဂါအခံများ ရှိပါကြောင်း၊ ရောဂါဖြစ်ပွားသေဆုံးသူများ၏ (၃၆) ရာခိုင်နှုန်း၌ ဆီးချိုသွေးချိုရောဂါရှိနေပြီး (၃၀) ရာခိုင်နှုန်းတွင် သွေးတိုးရောဂါရှိကာ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ နှစ်မျိုးလုံးဖြစ်ပွားနေသူမှာ (၁၉) ရာခိုင်နှုန်းရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ထိုကဲ့သို့ ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်ကာ အသက်အန္တရာယ်လည်း ထိခိုက်နိုင်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းချုပ်ရေးအပါအဝင် မကူးစက်နိုင်သော ရောဂါများကာကွယ် နှိမ်နင်းရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၏ ဦးဆောင်မှု၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၏ လက်တွေ့လုပ်ငန်းဆောင်ရွက်မှု အခန်းကဏ္ဍများသည် အရေးကြီးပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့်အားကစားကဏ္ဍမှ တာဝန်ရှိသူများ ပူးပေါင်းချိတ်ဆက်ကာ ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ဆောင်ရွက်စေရေး လုပ်ဆောင်ကြ စေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အောင်မြင်မှုအတိုင်းအတာများကို စောင့်ကြည့်အကဲဖြတ်ရန်အတွက် ဆန်းစစ်အကဲဖြတ်ပုံစံ (checklist) များ ပြုစုဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် HelpAge International အဖွဲ့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများအတွက် မကူးစက်နိုင်သော ရောဂါရှာဖွေကုသရေး စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Novo Nordisk ကုမ္ပဏီ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် Mobile Tablet များတွင် ထည့်သွင်းနိုင်သည့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်‌ရေး သိကောင်းစရာ Myanmar PEN Application ကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့တွင်လည်းကောင်း၊ ဆေးတက္ကသိုလ်များ၌ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာတွင် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ ပိုမိုထည့်သွင်းသင်ကြားခြင်းကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ စာတန်းများတွင် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုပြုလုပ်စေလိုပါကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဒီပလိုမာသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားစေလိုပါကြောင်း၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တစ်နှစ်ပတ်လုံး ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သမားရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သော အတွေးအမြင်များဖြင့် လက်တွေ့ကျ လုပ်ဆောင်နိုင်မည့် လုပ်ငန်းများ ချမှတ်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက် မန်နေဂျာ ပါမောက္ခ ဒေါက်တာကိုကိုက လက်ရှိဆောင်ရွက်လျက်ရှိသည့် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး) ဒေါက်တာ ကျော်ကံကောင်းက Mobile Tablet များတွင် ထည့်သွင်းနိုင်သည့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်‌ရေး သိကောင်းစရာ Myanmar PEN Application ကို မိတ်ဆက်တင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်နေသည့် မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)နှင့် ဦးစီးဌာနများမှ ဆီးချိုသွေးချိုရှိသော ဝန်ထမ်းများအား စစ်ဆေးကုသမှုပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်