ပွင့်ဖြူ ၁၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားရှိသော ပွင့်ဖြူမြို့နယ် မဒဲ(တ) ကျေးရွာနှင့် ကနီကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေအား လာရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့သည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျာထားရန်ပုံငွေကျပ် ၂၀၆ ဒသမ ၀၇ သန်းဖြင့် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (CFAVC)စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် မဒဲ(တ)ကျေးရွာနှင့် ကနီကျေးရွာသို့ ဆက်သွယ် ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၄ မိုင် ၅ ဒသမ ၇ ဖာလုံ အား ဒေသခံပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းအကျယ် ၁၂ ပေ၊ ကျောက်ရောမြေထု တစ်ပေ၊ ၆ လက်မနှင့် မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်း၊ အရှည်ပေ (၄၀) ရေကျော်တံတား တည်ဆောက်ခြင်း၊ Box Culvert (၃)စင်း တည်ဆောက်ခြင်း၊ Slab Culvert (၄)စင်း တည်ဆောက်ခြင်း၊ Pipe Culvert (၁၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်သော ကျေးလက်ကုန်ထုတ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မည့်အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးပါက အကျိုးပြုအိမ်ခြေ၊ လူဦးရေနှင့် သီးနှံစိုက်ဧကများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကုန်ထုတ်လမ်းဖောက်လုပ်မည့်အခြေအနေများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် မဒဲ(တ) - ကနီကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက မဒဲ(တ)ကျေးရွာနှင့် ကနီကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၉)ရွာမှ အိမ်ခြေ (၁၅၅၁)အိမ်၊ လူဦရေ ၆၅၉၅ ဦးအတွက် လယ်ယာမြေဧက ၁၈၀၀ အား ရာသီမရွေး သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို အဆင်ပြေစွာ သွားလာစိုက်ပျိုးနိုင်မည့်အပြင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


