မကွေး ၁၃ နို၀င်ဘာ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ရောက်ရှိပြီး ကနီ-မဒဲကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၀န်ကြီးချုပ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စာနပ်ရိက္ခာ ဖူလုံရေးအစီစဉ် (GAFSP) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်‌လျက်ရှိ‌သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်ကုန်ထုတ်လမ်း လက်ရှိအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းနှင့် ပတ်သက်ပြီး တိုင်း‌ဒေ‌သကြီး ၀န်ကြီးချုပ်အား မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် ဒေသခံတောင်သူလယ်သမားများက ရှင်းလင်းတင်ပြခဲ့ကြပြီး လုပ်ငန်းနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် တိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကနီ-မဒဲကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက ကျေးရွာ ၉ ရွာ၊ အိမ်ခြေ (၁၅၅၁)၊ လူဦးရေ (၆၅၉၅)၊  စိုက်ပျိုးမြေဧက ၁၈၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ထွက်ရှိလာသော ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သည့်အတွက် ဒေသပြည်သူများ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

သန်းနိုင်ဦး(ငဖဲ)