ဘားအံ ၁၃ နိုဝင်ဘာ

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ကျေးရွာနှင့် ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်းဝင်း၊ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုး၊ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါကာ ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၃၀)စု၊ ဝါးဆူးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၇)စု၊ ဘားအံမြို့ အမှတ်(၇) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၆၂၂)စုနှင့် အမှတ်(၈) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၇၃)စုတို့အား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းစီ ထောက်ပံ့ပေးခဲ့ပြီး နှာခေါင်းစည်း (Mask) များ ပေးဝေခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)