မန္တလေး ၁၃ နိုဝင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သောရေဖြင့် မိုးစပါး(၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ စိုက်ဧက ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် စပါးအထွက်တိုးနိုင်ကြောင်း သိရသည်။ 

ယခုနှစ် မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလလိုင်တွင် ပြုလုပ်ကာ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ လယ်စိုက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် ဧရာမင်းစပါးမျိုးများကို အများစု စိုက်ပျိုးကြကြောင်း သရက်တန်းကျေးရွာ စပါးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧက ရှိသည်။ ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သော ရေဖြင့် မိုးစပါး   (၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့သည်။ မိုးစပါးစိုက်ပျိုးမှုတွင် မျိုးစေ့ထုတ်ဧကပေါင်း (၇၄၀) စိုက်ပျိုးခဲ့ပြီး CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၅၀၀ ထောက်ပံ့ပေးခဲ့သည်။

မိုးစပါးစိုက်ပျိုးမှုတွင် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်ရောက်ရှိရေး GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ကူညီပေးခဲ့သည်။ အမရပူရမြို့နယ်အတွင်းတွင် စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းကာ အထွက်တိုးစေရန်အတွက် ဒေါင်းရွေးနည်းပညာပေးစင်တာ၊ နတ်ရေကန်နည်းပညာပေးစင်တာ၊ တမုဆိုးနည်းပညာပေးစင်တာ၊ ဆင်ရွာမြင်းမူးနည်းပညာပေးစင်တာများအဖြစ်  နည်းပညာပေး စင်တာလေးခု ထားရှိဆောင်ရွက်လျက်သည်။ လက်ရှိကာလတွင် ဆည်တော်ကြီးမှ ရေပုံမှန်ရရှိခြင်း မိုးရွာခြင်းများကြောင့် စပါးများဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး အထွက်တိုးနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

တိမ်တမန်