ရန်ကုန် ၁၃ နိုဝင်ဘာ

ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းသည် MNL ကလပ် ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကိုခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဘူရီရမ်အသင်းသည် အောင်သူကို အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ရတနာပုံအသင်းတာဝန်ရှိသူများနှင့် အသေးစိတ်အချက်အလက်များ ဆွေးနွေးလျက်ရှိသည်။ အောင်သူသည် ထိုင်းလိဂ်တွင် ပြန်လည်ကစားခွင့်ရရန် အခွင့်အရေးရှိလာခြင်းဖြစ်ပြီး ဘူရီရမ်အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရထားပြီး ကလပ်နှစ်သင်းကြား သဘောတူညီမှုရပါက အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

 အောင်သူသည် ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ရာသီတွင် Police Tero အသင်း၊ ၂၀၁၉ ရာသီတွင် မြောင်တောင်ယူနိုက်တက်အသင်းတို့၌ ပါဝင်ကစားခဲ့သည်။ အောင်သူသည် ၂၀၂၀ ရာသီတွင်မူ မိခင်ကလပ်ဖြစ်သည့် ရတနာပုံအသင်းတွင် ပြန်လည်ကစားခဲ့ပြီး ၂၀၂၀-၂၀၂၁ ထိုင်းလိဂ်ပြိုင်ပွဲ၏ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခုရာသီတွင် ထိုင်းလိဂ်-၁ ကလပ်များတွင် မြန်မာကစားသမားနှစ်ဦး၊ ထိုင်းလိဂ်-၂ ကလပ်များတွင် မြန်မာကစားသမားနှစ်ဦး ပါဝင်ကစားလျက်ရှိသည်။ လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းနှင့် တောင်ပံကစားသမား ဆွမ်လမန်မှာ ထိုင်းလိဂ်-၁၊ လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုနှင့် ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်တို့မှာ ထိုင်းလိဂ်-၂ တို့တွင် ပါဝင်ကစားလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်