ရန်ကုန် ၁၃ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆက်လက်ထုတ်ပြန်ကြေညာသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၅) (၆) (၇) (၈) (၉) (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများတွင် ဝင်ရောက်အရွေးခံသည့် ကိုယ်စား လှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ဆက်လက်၍ ၎င်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာ(အနောက်)မြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် အင်းစိန်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ထို့နောက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာ(အနောက်)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) နေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ် လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။

ည ၈ နာရီတွင် ကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ မဲဆန္ဒနယ် (၁) (၂) (၃) (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများ၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ(အရှေ့)မြို့နယ်နှင့် သာကေတမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)နေရာ၊ ရခိုင်တိုင်းရင်းသားရေးရာနှင့် ကရင်တိုင်းရင်းသားရေးရာနေရာတို့မှ ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို အပြီးသတ် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်