(၁၃-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ တဲလ်အဲဗီးမြို့မှ  စီစဉ်သည့်  သတ္တမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI)  ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၆ ၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် Century Miracle ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦး၊ Camel and Vega ကုမ္ပဏီမှ (၁၂၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၆) ဦး လိုက်ပါသွားကြကြောင်း သိရပါသည်။

အလားတူ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၂၁၄)ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ စီစဉ်သည့် ဒုတိယကြိမ်မြောက် TUI လေကြာင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၈ ၃၀) နာရီအချိန်တွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရပါသည်။ 

ထို့ပြင် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂)ဦး အား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)  ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၄၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သိရပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Crd - Ministry of Foreign Affairs Myanmar