မြစ်ကြီးနား ၁၄ နိုဝင်ဘာ
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် (၆၅)နှစ်ပြည့်သည့် အထိ တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းဒေသကြီး/ပြည်နယ်များမှ တပ်ဖွဲ့ဝင်များ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို နိုဝင်ဘာ (၁၃)ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ် online မှ Virtual Cenemony ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေဟာ ကိုယ်ကျိုးမဖက်ဘဲ စေတနာသန့်သန့်နှင့် လုပ်ဆောင်နေတာ ဖြစ်ပါကြောင်း၊ ကြက်ခြေနီစေတနာရှင်များဟာ မည်သူမှမခိုင်းဘဲ မိမိသဘောဆန္ဒအလျောက် လုပ်ဆောင်နေတာဖြစ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုအရှုံးခံပြီး အနစ်နာ၊ စေတနာ၊ ဝါသနာ၊ ဂရုဏာနဲ့လုပ်ကိုင်ကြတဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာလုပ်အားရှင် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက အသက် ၆၅ နှစ်ပြည့် ဂုဏ်ထူးဆောင် ကချင်ပြည်နယ်မှ တပ်ဖွဲ့နှစဦးဖြစ်သည့် ဦးဒေါင်ဟောင်း၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး အငြိမ်းစား ဦးမြင့်ဝေ၊ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးတို့အား ကချင်ပြည်နယ်ကြက်ခြေနီဥက္ကဋ္ဌ ဦးဘရန်ဒီးမှ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တပ်ဖွဲ့ဝင် ၂ ဦးမှ လက်ခံရယူခဲ့သည်။
ယင်းနောက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များကို ပြည်နယ်ဥက္ကဋ္ဌမှ ပေးအပ်ရာ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေမှ လက်ခံရယူခဲ့ပြီး ကချင်ပြည်နယ်မှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၉၀၀ ကျော် ဂုဏ်ပြုမှတ်တမ်းလွှာများရရှိပြီး မြစ်ကြီးနားမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၈ ဦးပါဝင်ကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရသည်။
စိန်ဝင်း(ပြန်/ဆက်)


