စစ်တွေ ၁၄ နိုဝင်ဘာ
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို သွားရောက်ထောက်ပံ့ခဲ့သည်။ စစ်တွေခရိုင်တွင် အခြေခံလူတန်းစား အိမ်ထောင်စု ၉၁၂၂၆ စုရှိပြီး ထောက်ပံ့ငွေကျပ် ၃၆၄၉၀၄၀၀၀၀ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် မြောက်ဦးခရိုင်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု ၈၇၇၀၃ စုအတွက် ထောက်ပံ့ငွေကျပ် ၃၅၀၈၁၂၀၀၀၀၊ မောင်တောခရိုင်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု ၂၈၀၆၁ စုအတွက်ထောက်ပံ့ငွေကျပ် ၁၁၂၂၄၄၀၀၀၀၊ ကျောက်ဖြူခရိုင်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၃၈၂၆၄ စုအတွက် ထောက်ပံ့ငွေကျပ် ၁၅၃၀၅၆၀၀၀၀ နှင့် သံတွဲခရိုင်အတွင်း အခြေခံလူတန်းစားအိမ်ထောင်စု ၅၇၈၀၉ စုအတွက် ထောက်ပံ့ငွေကျပ် ၂၃၁၂၃၆၀၀၀၀ တို့ကို ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု စီမံခန့်မှုကော်မတီဥက္ကဋ္ဌများမှ တစ်ဆင့် ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့မှုအနေဖြင့် ငွေကျပ် ၁၂၁၂၂၅၂၀၀၀၀ အား ပြည်နယ်အတွင်း မြို့နယ်အားလုံးရှိ အခြေခံအိမ်ထောင်စု ၃၀၃၀၆၃ စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


