မန္တလေး ၁၄ နို၀င်ဘာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြန်မာငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက Pullman ဟိုတယ်တွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Chen Chen နှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါလှူဒါန်းမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးသို့ ယူနန်ပြည်နယ်အစိုးရမှ ယွမ်ငွေ ၄ သန်း (မြန်မာငွေ ကျပ်သိန်း ၈၀၀၀)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်က ယူနန်ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ချိန်မှစ၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို ယနေ့အထိ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနတည်ဆောက်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အထူးလုပ်ငန်းအဖွဲ့ ပညာရှင်များနှင့် ဓာတ်ခွဲခန်း စက်ပစ္စည်းကိရိယာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယူနန်ပြည်နယ်အစိုးရ၏ ကူညီပံ့ပိုးလှူဒါန်းမှုများသည် ကြီးမားသည့် ချစ်ကြည်ရေးသမိုင်း မှတ်တိုင်တစ်ခုဖြစ်ပါကြောင်းနှင့် ယူနန်ပြည်နယ်အစိုးရနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား သမိုင်းအစဉ်အလာကြီးမားသော ရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်၀န်ချုပ် Mr. Chen Chen က ယူနန်ပြည်နယ်အစိုးရမှ မန္တလေးတိုင်းဒေသကြီးသို့ တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် အသက်ရှူစက်၊ PPE ၀တ်စုံနှင့် နှာခေါင်းစည်းများကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ အဆိုပါပစ္စည်းများကို ယူနန်ပြည်နယ်မှ ကုန်းကြောင်းခရီးစဉ်ဖြင့် ရွှေလီ-မူဆယ် လမ်းကြောင်းမှတစ်ဆင့် မန္တလေးသို့ ကုန်တင်ကားကြီး သုံးစင်ဖြင့် တိုက်ရိုက်တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ကပ်ရောဂါကို မြန်မာနိုင်ငံအစိုးရမှ ကြိုးစား၍ ထိန်းချုပ်တိုက်ဖျက်နေသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းကောင်း မြန်မာနိုင်ငံကို ဆက်လက်အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို မန္တလေးကောင်စစ်၀န်ချုပ်က လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ယခုလှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအနေဖြင့် N-95၊ Disposable medical surgical mask ၊ Medical Face Shield ၊ Medical protective clothing ၊ Anti-fog eye mask ၊ Disposable medical caps ၊ Plastic shoe cover (short) ၊ Latex gloves (inspection) ၊ Disposable isolation gown ၊ Non-invasive ventilator တို့ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


