ထီးချိုင့် ၁၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီး နည်းပညာပေးစင်တာ တာဝန်ခံ ဦးအာကာမိုး၊ စိုက်ပညာရှင်ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ ၃ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို ဘက်စုံနည်းပညာသုံး စံပြကျေးရွာဖြစ်သော လေသာကျေးရွာ ကွင်းအမှတ် (၉၁၇)၊ ဦးပိုင်အမှတ်(၄၃/၁) တောင်သူဦးတိုင်းဝင်း၏ ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်(၄)ဧက၌ (သုည ဒသမ ၁၀)ဧက (၆၆ ပေ x ၆၆ ပေ) စံကွက်ရိတ်သိမ်းရာ အစိုထွက် (၁၁ ဒသမ ၃)တင်း၊ (၁)ဧကထွက် (၁၁၃)တင်း ထွက်ရှိခဲ့သည်။
ထီးချိုင့်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းဧကရီ ၃၊ ဧရာမင်း၊ မှော်ဘီ၊ ရက်(၉၀) မျိုးစပါးများအား မြို့နယ်အတွင်းဧက (၄၀၀) စိုက်ပျိုးထားရှိပါကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါပိုးမွှား ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ပါကြောင်း၊ စပါးရိတ်သိမ်းပြီးနောက် လယ်သီးထပ်များအနေဖြင့် ပဲယင်း၊ ပန်းနှမ်း၊ ဆောင်းနေကြာများ စိုက်ပျိုးနိုင်ရန် တောင်သူများအား စည်းရုံးဟောပြောခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)


