နေပြည်တော် ၁၄ နိုဝင်ဘာ

 

ဟိုပုံးမြို့နယ် ဟိုတင့်ကျေးရွာအနီး မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေရာ ငွေကျပ် သိန်း ၈,ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း ဟိုတင့်ကျေးရွာအနီး လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော ခဲရောင်မော်တော်ယာဉ်တစ်စီးမှာ ရှာဖွေစစ်ဆေးသည့်နေရာသို့ မရောက်မီ မသင်္ကာဖွယ်ရပ်တန့်သွားသည်ကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးမည်ပြုစဉ် Revo အမျိုးအစားမော်တော်ယာဉ်နှင့် Ford အမျိုးအစား မော်တော်ယာဉ်တို့ ထပ်မံရောက်ရှိလာပြီး အဆိုပါမော်တော်ယာဉ် ၃ စီးမှာ ဟိုတင့်ကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက်မှထပ်ကြပ်မကွာလိုက်၍ ဖမ်းဆီးရမိရေးအတွက် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုပုံးမြို့အဝင် ဆီဆိုင်အနီးတွင် ရှေ့ပြေးယာဉ်ဖြစ်သော စိုင်းဝမ်းလျန်းမောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာသည့် Platana အမျိုးအစား ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိပြီး ည ၇ နာရီခွဲခန့်တွင် လွိုင်လင်-တောင်ကြီးကားလမ်း၊ မိုင်တိုင် (၁၀၁/ဝ)အနီးတွင် Ford အမျိုးအစားမော်တော်ယာဉ်အား ပိတ်ဆို့တားဆီးစဉ် နောက်ပြန်လှည့်မောင်းပြေးသဖြင့် သတိပေးပစ်ခတ်သော်လည်း မော်တော်ယာဉ်မှာ လမ်းဘေးလျှိုအတွင်းထိုးကျသွားကြောင်း၊ ယာဉ်ပေါ်ပါသူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဆိုပါယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ,ဝဝဝ သိမ်းဆည်းရမိခဲ့ကြောင်း။

 

တစ်ချိန်တည်းမှာပင် ဟိုပုံးမြို့အဝင် ရေထွက်အနီး၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနန်းဆိုင်ထွေးနှင့် ၎င်း၏ခင်ပွန်း မောင်သန်း (ခ) ကျော်ခင်တို့အား Revo အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ စိုင်းယဉ်နှင့် စိုင်းနော်ခမ်းတို့ဖြစ်ကြောင်း သိရှိရသဖြင့် မနန်းဆိုင်ထွေး (၃၅)နှစ်၊ မောင်သန်း(ခ)ကျော်ခင် (၂၇)နှစ်၊ စိုင်းဝမ်းလျန်း (၂၀)နှစ်၊ စိုင်းဆန်ကို(ခ)စိုင်းကွမ်ခေး (၂၅)နှစ်၊ စိုင်းယဉ်(တိမ်းရှောင်) စိုင်းနော်ခမ်း(တိမ်းရှောင်)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

သတင်းစဉ်