ကော့သောင်း  ၁၅  နိုဝင်ဘာ

 

အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်းခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်ငါးမျှားသည့် ထိုင်းနိုင်ငံ အပျော်စီးငါးမျှားလှေတစ်စီးမှ ထိုင်းနိုင်ငံသားများအား ပင်လယ်ပြင်လုံခြုံရေး မြန်မာ့တပ်မတော်(ရေ) မှ ထိန်းသိမ်းကာ နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းက ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကော့သောင်းမြို့ Quarantine Center တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိကြောင်း သိရသည်။

 

အဆိုပါ အပျော်စီးငါးမျှားလှေမှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ Polaris Ranong ကုမ္ပဏီပိုင် Polaris One အမည်ရှိ အလျား၂၃.၉၅မီတာရှိသစ်သားကိုယ်ထည်လှေဖြစ်ပြီး လှေလုပ်သားထိုင်းနိုင်ငံသားခြောက်ဦး၊ မြန်မာနိုင်ငံသား နှစ်ဦးနှင့် အပျော်တမ်းငါးမျှားရန်လိုက်ပါလာသူ တရုတ်နိုင်ငံသားတစ်ဦး၊ ထိုင်းနိုင်ငံသား၁၅ဦး၊ စုစုပေါင်း ၂၄ဦး ဖြင့် နိုဝင်ဘာလ ၈ရက်က မြန်မာပင်လယ်ပြင်အနီး ခွင့်ပြုချက်မဲ့ ဝင်ရောက်ကျူးကျော်ငါးမျှားရာ ပင်လယ်ပြင်လုံခြုံရေး တပ်မတော်(ရေ) စစ်ရေယာဉ်မှ တွေ့ရှိထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

 

ထိန်းသိမ်းရမိသည့် လှေနှင့် လှေပေါ်ပါသူများအား နိုဝင်ဘာလ ၁၃ရက်နေ့ညနေပိုင်းက ကော့သောင်းမြို့နယ် တာဝန်ရှိအဖွဲ့အစည်းများသို့ လာရောက်လွဲပြောင်းအပ်နှံသဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိပြီး သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တည်ဆဲဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)