ပဲခူး ၁၅ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်းတို့ ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၁)ပဲခူးမှ ဒုရဲမှူးဝင်းနိုင်စိုး ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ပဲခူးမြို့ပေါ် လူစည်ကားရာ နေရာများနှင့် ဈေးများအတွင်း မျက်နှာနှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေး စီမံချက် (Mask Campaign)ကို ပူးပေါင်းဆောင်ရွက်ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်နေသော ပဲခူးမြို့နယ် အပါအဝင် Stay at home သတ်မှတ်ထားသော မြို့နယ်များ၊ ရောဂါဖြစ်ပွားမှုများနေသော ဒေသတွင်း ကူးစက်မှုများ တွေ့ရှိနေရသော မြို့နယ်များအား အဓိကထား၍ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ကားဂိတ် များ၊ ဆေးရုံပြင်ပလူနာဌာန၊ လူနာများစောင့်ဆိုင်းရာနေရာများ၊ အချုပ်စခန်းများ၊ အကျဉ်းထောင်များ၊ ဘုန်းတော်ကြီးကျောင်းများ စသည့် လူအများစုဝေးရာနေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေးစီမံချက်(Mask Campaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် ပံ့ပိုးမှု၊ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်းတို့ ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ သည် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များသည် (Mask Campaign) ပြုလုပ်ရာ တွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပထွက်ရှိလာသူများ၊ ပဲခူးမြို့ရှိဈေးများအတွင်း ဈေးဝယ်/ရောင်း ပြုလုပ်နေသူများအား နေရာအသီးသီးခွဲ၍ Mask မဖြစ်မနေတပ်ဆင်ရေးနှင့် စနစ်တကျ တပ်ဆင်ရေးတို့အတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ခုရေ(၁၀ဝ၀ဝ)၊ မျက်နှာအကာ(Face Shield)(၅၀ဝ)ခုကို အခမဲ့ပေးဝေခြင်း၊ လက်ကိုင် အသံချဲ့စက်များဖြင့် COVID19 ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လှည့်လည် အသိပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြသည့်အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၁)ပဲခူးမှ ဒုရဲမှူးဝင်းနိုင်စိုးဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်စည်းကမ်း လမ်းစည်းနှင့်ပတ်သက်၍ အသိပညာ ပေးခြင်းများပါ ပြုလုပ်ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနမှူး ဒေါက်တာရန်နိုင်မောင်က COVID19 ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ အသက်ရှုထုတ်ခြင်းတို့မှ ထွက်လာသော အစက်အမှုန်များ အသက်ရှူလမ်းကြောင်း မှတဆင့် ကိုယ်ခန္ဓာအတွင်းသို့ ကူးစက်ဝင်ရောက် ဖြစ်ပွားကြောင်း၊ ရောပါပိုးတွေ့သူများ၏ ၆၅-ရာနှုန်းခန့်တွင် မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရှိ ရပါကြောင်း၊ COVID19 ရောဂါပိုးတွေ့ပြီး သေဆုံးသူများ၏ ၈၇-ရာနှုန်းခန့်သည် အသက်အရွယ် ကြီးသူများ၊ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ နာတာရှည်ကျောက်ကပ်ရောဂါ စသည့် ရောဂါအခံတစ်မျိုးမျိုးရှိနေသူများ ဖြစ်ပါကြောင်း၊ သို့အတွက် အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများ ဈေးဝယ်ခြင်း၊ ဈေးရောင်ခြင်း တို့ မပြုလုပ်သင့်ကြောင်း၊ ဈေးသည်များအနေဖြင့် Mask နှင့် Face Shield ကို တွဲဖက် တပ်ဆင်အသုံးပြုရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် မိမိကိုယ်တိုင်နှင့် အခြားသူများသို့ ရောဂါကူးက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နေအိမ်မှ အပြင်သို့ထွက်တိုင်း Mask ကို မပျက်မကွက် စနစ်တကျ တပ်ဆင်ရန် လိုအပ်ပါကြောင်း၊ ဈေးဝယ်သူများအနေဖြင့် ဈေးသို့ မလာမီကပင် ဝယ်ယူမည့် ပစ္စည်းစာရင်းကို ကြိုတင်စဉ်းစားလာပြီး အမြန်ဝယ်ယူစေလိုပါကြောင်း၊ ဖြစ်နိုင်ပါက နေ့တိုင်း ဈေးဝယ် မထွက်ဘဲ ၂-ရက်တစ်ခါ၊ ၃-ရက်တစ်ခါသာ ဈေးဝယ်ထွက်သင့်ပါကြောင်း စသည်ဖြင့် အသိပညာပေး ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၁၄ ရက်အထိ COVID19 ဓာတ်ခွဲအတည်ပြုလူနာ ၃၄၅၂-ဦးရှိနေပြီး ပဲခူးမြို့နယ်သည် ၆၉၂-ဦးဖြင့် အများဆုံးဖြစ်ပါကြောင်း၊ တိုင်းအတွင်း စုစုပေါင်း သေဆုံးသူ ၆-ဦးရှိပြီး ပဲခူးမြို့နယ်အတွင်း သေဆုံးသူ ၄-ဦး ရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။
တင်စိုး(ပဲခူး)


