ပုလဲ ၁၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ အိမ်တိုင်ရာ အရောက် ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်များက အဓိက အထောက်အကူပြုလျက်ရှိပါတယ်။ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို နည်းစနစ်ကျစွာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစား ရရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပုလဲမြို့နယ်အတွင်းမှာ နေထိုင်ကြသော အသက် (၈၀)နှစ်နှင့် (၈၅)နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့တဲ့ ငွေများကို နိုဝင်ဘာ ၁၁ရက်နေ့မှစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာ အရောက် သွားရောက်ပြီး ပေးအပ်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်၌ နေထိုင်သော အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၂၈၅)ဦးအတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ်၃၀၀၀၀နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၈၅၅၀၀၀၀ ကို ဘိုးဘွားများ လက်ဝယ်အရောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


