ရွာငံ ၁၅ နိုဝင်ဘာ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်းရှိ ဆတ်ခြံ၊ ဂွေးပင်၊ တောင်ဦး၊ ညောင်ပင်ခွ၊ ပြေသာကျေးရွာငါးရွာတွင်သောက်သုံးရေရရှိရေး စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ခုဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေများဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွာငံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆတ်ခြံ၊ ဂွေးပင်၊ တောင်ဦးကျေးရွာသုံးရွာတွင်သောက်သုံးရေရရှိရေးအတွက် အရှည် ၁၄/၄မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဂါလန် ၁၀၀၀၀ဆံ့ ရေစုကန်တစ်ကန်နှင့် ဂါလန် ၅၀၀၀ ဆံရေစုကန် သုံးကန်တည်ဆောက်ခြင်း၊ ရေတားတမံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ ပြေသာကျေးရွာတွင် အရှည် ၂မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ညောင်ပင်ခွ ကျေးရွာတွင် အရှည်ပေ ၂၆၀၀ ရှိရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာနှစ်တွင်ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၈၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က ပြောပြသည်။
အဆိုပါ ကျေးရွာငါးရွာတွင်သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၅၉၈မှ လူဦးရေ ၂၆၆၁ ဦးတို့ အတွက်ရာသီမရွေး သောက်သုံးရေရရှိရေးအကျိုးပြုမည်ဖြစ်ကြောင်းမြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ကဆက်လက်ပြောပြ၍ သိရသည်။
ငြိမ်းသူ


