မန္တလေး  ၁၅  နိုဝင်ဘာ

 

COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် ပြည်ပမှပြန်လာသူများကို စောင့်ကြည့်သည့် Quarantine ဌာနအဖြစ်  အသုံးပြုခဲ့သည့်အတွက် အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခေတ္တရပ်နားထားခဲ့သည့် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အုန်းချောရွာ သီတဂူစက္ခုဒါန ဆေးရုံကို နိုဝင်ဘာလ ၁၅ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြန်လည်ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

"ကိုဗစ်ကာလဖြစ်နေတော့ ဖျားလို့ရှိရင် ကိုဗစ်ကာလဖြစ်နေတော့ ဆေးခန်းတွေပြဖို့ အဆင်မပြေဘူး။ ပိုက်ဆံမတတ်နိုင် တဲ့သူတွေ ဆင်းရဲနွမ်းပါးတဲ့သူတွေ နေမကောင်းတာ၊ ရောဂါဖြစ်တာပဲ ဖြစ်ဖြစ် အခမဲ့ကုသပေးနိုင်ဖို့ပါ။ ကိုဗစ်ကာလ ဝင်ငွေ မရှိတဲ့ သူတွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်လို့ အားကိုးစရာတစ်ခုဖြစ်အောင် ရည်ရွယ်ပြီး ပြန်ဖွင့်ထားတာပါ။ ဖျားနာတာပဲ ဖြစ်ဖြစ် တခြားရောဂါပဲဖြစ်ဖြစ် အခမဲ့ကုသပေးပါတယ်" ဟု အုန်းချောသီတဂူဆေးရုံ၏ ဦးဆောင် ဆရာတော် ဒေါက်တာသုန္ဒရက မိန့်ကြားသည်။

 

အုန်းချောသီတဂူစက္ခုဒါနဆေးရုံ၌ အပတ်စဉ် ကြာသာပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉နာရီမှစ၍ ညနေ ၄နာရီအထိ မျက်စိနှင့် အထွေထွေရောဂါများအား အခမဲ့စမ်းသပ် ကုသပေးလျက်ရှိပြီး မျက်စိနှင့် အထွေထွေရောဂါ အခမဲ့ကုသပေးမှုများအပြင် သွေးချို၊ ဆီးချို စစ်ဆေးမှုများ၊ HIVရောဂါ စစ်ဆေးမှုများနှင့် Minor Case အဆီကျိတ်ခွဲစိတ်မှုများလည်း အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းဆေးရုံကို သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ၏ လမ်းညွှန်မှုနှင့်အညီ ၂၀၁၅ခုနှစ် ဧပြီလ ၇ရက်နေ့တွင် စတင်ဖွင့်လှစ်၍ မျက်စိကုသမှုများကို အခမဲ့ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်၍ အထွေထွေရောဂါများ အခမဲ့ကုသပေးခဲ့ပြီး သွားနှင့်ပတ်သက်သည့် ရောဂါများနှင့် သွားညှိခြင်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလမှ စတင်၍ ကုသပေးလျက်ရှိရာ ယခုတွင် သွားနှင့်ပတ်သက်သည့် ရောဂါများနှင့် သွားညှိခြင်းများ ခေတ္တရပ်နားထားကြောင်း သိရသည်။

 

အထွေထွေရောဂါများ ကုသနိုင်ရန်နှင့် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းအတွက် မျက်စိအလင်းဒါနပြုလိုသူများအနေဖြင့် အုန်းချော သီတဂူစက္ခုဒါနဆေးရုံဦးဆောင် ဆရာတော်ဒေါက်တာသုန္ဒရ(Ph.d) ဖုန်း ဝ၉၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ်ကာ ကုသိုလ်ပြုပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

 ထိပ်ထားနိုင်

 

mdn