ပဲခူး ၁၅ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁)နာရီက ပဲခူးမြို့ပေါ် ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များလှူဒါန်းပေးနိုင်ရန် သီရိဟံခန်းမတွင် ဖွင့်လှစ်ထားရှိသော We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့သို့ အလှူငွေများ လှူဒါန်းခြင်းနှင့် စောင့်ကြည့်စခန်းများရှိ စေတနာ့ဝန်ထမ်းများအတွက် နေ့လည်စာ ထမင်းထုတ်များ လှူဒါန်းပေးခြင်း အခမ်းအနားကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ရုံးဒုတိယညွှန်ကြားရေးမှူးဦးအောင်ဆွေ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့ နာယက၊ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စေတနာ့ဝန်အဖွဲ့များတက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီး ရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်းပေးနိုင်ရန်နှင့် ကျန်းမာရေးစောင့်ကြည့်စခန်းများရှိ စေတနာ့ ဝန်ထမ်းများအတွက် နေ့လည်စာ ထမင်းထုတ်များအား ပေးအပ်လှူဒါန်းရာ We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့ နာယက ဦးဝင်းနှင့် ဥက္ကဌဦးတင်စိုးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းနှင့် We Love Bago တံဆိပ်ပါ အမှတ်တရအင်္ကျီ လက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့ ဥက္ကဋ္ဌ ဦးတင်စိုးက We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိ စားဝတ်နေရေးခက်ခဲနေသော အခြေခံ လူတန်းစားများထံ အခြေခံစားကုန်များ လှူဒါန်းပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စေတနာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားနှင့် စောင့်ကြည့်စခန်းများတွင် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏အစီအစဉ်ဖြင့် ပဲခူးမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာဒါယကာ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းဖြစ်သည့် ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၊ မြို့မပရိယတ္တိ စာသင်တိုက်၊ ဝင်းနိမ္မိတာရုံပရိယတ္တိစာသင်တိုက်၊ ကံထူးဓမ္မရိပ်သာကျောင်းတိုက်နှင့် သာမဏေကျော် ပရိယတ္တိစာသင်တိုက်တို့မှ ပဓာနနာယက ဆရာတော်ကြီးများထံသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ကိုယ်စား ပဲခူးတိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်အောင်က လှူဖွယ်ခြင်းများ သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


