၁၅ နိုဝင်ဘာ
ဒီနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းက ပေါ်တူဂီ အသင်းကို ကွင်းလယ်လူ ကန်တီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်း နိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲ ဆိုပေမယ့် အုပ်စုလေးစုမှ ရမှတ်အများဆုံးရတဲ့ အသင်းတစ်သင်းစီ တက်ရောက်ရမှာ ဖြစ်တာကြောင့် စုစုပေါင်းအသင်းလေးသင်း ဗိုလ်လုပွဲဆီ တက်ရောက်မှာ ဖြစ်တဲ့အတွက် နေးရှင်းလိဂ်ရဲ့ ဗိုလ်လုပွဲဟာ အခြားပြိုင်ပွဲတွေရဲ့ အကြိုဗိုလ်လုပွဲနဲ့ ညီမျှတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကတော့ ၄-၃-၃ကစားကွက်နဲ့ ပွဲထွက်လာပြီး ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်ကို အထိုင်ချကာ ဗဟိုတိုက်စစ်မှာ စီရိုနယ်လ်ဒို၊ တောင်ပံတိုက်စစ်နှစ်ဖက်မှာ ဂျာအိုဖိလစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ပြင်သစ်အသင်းကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကတော့ ၄-၄-၂ကစားကွက်ကို ခင်းကျင်းပြီး ဗဟိုကွင်းလယ်နေရာမှာ ကန်တီနဲ့ ပေါ့ဘာတို့နှစ်ဦးကို တိုက်စစ်ခံစစ် မျှတအောင် အထိုင်ချ ကစားစေခဲ့တာကြောင့် ပြင်သစ်ရဲ့ ယခုကွင်းလယ်ခင်းကျင်းမှုဟာ ဗီအဲရာနဲ့ မက်ခီလီလီတို့ရဲ့ ယခင်ပြင်သစ်အသင်းကွင်းလယ်လို မာမာထန်ထန် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပြင်သစ်အသင်းနည်းပြ ဒက်ချွမ့်စ်ဟာ ရာဘီရော့နဲ့ ဂရစ်ဇ်မန်းတို့ကို ကွင်းလယ်တောင်ပံတိုက်စစ်ကစားသမားတွေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး မာစီယဲလ်နဲ့ ကိုးမန်းတို့က တိုက်စစ်နေရာမှာတော့ ဦးဆောင်ကစားခဲ့ပါတယ်။
နှစ်သင်းစလုံးက တိုက်စစ်၊ ခံစစ်မျှတအောင် ကစားနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပေမယ့် ပွဲအဖြေကို အဆုံးအဖြတ်ဖြစ်သွားခဲ့တာကတော့ ဂိုးသွင်းသေသပ်မှု ပိုရှိတဲ့ ပြင်သစ်အသင်းက အနိုင်ရရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ဂိုးဖန်တီးမှုနဲ့ ဂိုးကန်သွင်းမှုတွေမှာ ပြင်သစ်အသင်းထက် သာလွန်ခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ ကန်ချက်တွေကိုတော့ ပြင်သစ်အသင်းက ပိုမိုလုပ်ဆောင်နိုင်ခဲ့တာပါ။ အထူးသဖြင့် ဘာနာဒိုဆေးလ်ဗား- စီရိုနယ်လ်ဒို- ဂျာအိုဖိလစ်တို့ တိုက်စစ်က ပြင်သစ်နောက်တန်းနဲ့ ဂိုးသမား လိုရစ်တို့ရဲ့ ခံစစ်တံတိုင်းအောက်မှာ ဂိုးရအောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေမယ့် ပြင်သစ်တိုက်စစ် နေရာမှာ ကစားခဲ့တဲ့ မာစီယဲလ်ရော ကိုးမန်း နှစ်ဦးစလုံးကတော့ ပေါ်တူဂီနောက်တန်းနဲ့ ဂိုးသမားတို့ကို အလုပ်ရှုပ်စေခဲ့ပြီး ထိန်းချုပ်ရလည်း ခက်ခဲခဲ့ပါတယ်။
ပြင်သစ်အသင်းက ပထမပိုင်းမှာ ကစားကွက် ပိုကောင်းခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၅၃မိနစ်မှာ ကွင်းလယ်လူ ကန်တီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မေလဲ့သင်း