မော်လမြိုင်   ၁၅   နိုဝင်ဘာ 

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ရွာမှ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်၏ ရေအရည်အသွေးများကို အောက်တိုဘာလ တတိယအပတ်က စတင်စမ်းသပ် စစ်ဆေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် စမ်းသပ်စစ်ဆေးပြီးစီးနေပြီဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

mdn

 

ထိုသို့စစ်ဆေးပေးရာတွင် မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မိပကားချမ်းနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ၏ နေ့စဉ်သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းမှ ရေနမူနာကို ရယူပြီး ရေများတွင် အီးကိုလိုင် ဗက်တီးရီးယားပိုးနှင့် လူနှင့် တိရိစ္ဆာန်များ၏ အညစ်အကြေးများ ပါဝင်မှုရှိအား  ၂၄ နာရီအတွင်းစစ်ဆေးပေးခြင်းဖြစ်ကြောင်း၊

 

အဆိုပါ အီးကိုလိုင်ပိုး၊ အညစ်အကြေးများ ပါဝင်မှုရှိပါက ဝမ်းပျက်၊ ဝမ်းလျှော့နှင့် အခြားသော ရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးပေးရခြင်းဖြစ်ကြောင်း၊ ယခုအခါ မော်လမြိုင်မြို့နယ် အတွင်းရှိ ကျေးရွာ ၃၀ ရွာ၏ ရေအရင်းအမြစ်များ ရာနှုန်းပြည့် စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းစိုးက ပြောပြ၍ သိရသည်။

 

မော်လမြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာ ၃၀ မှ နေ့စဉ်သုံးစွဲလျက်ရှိသည့် ရေအရင်းအမြစ်များကို စတင်စမ်းသပ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)