ပန်နန်းဒင် ၁၅ နို၀င်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခါကာဘိုရာဇီဒေသ နောင်မွန်မြို့နယ် (ရပ်ဘော့-ပန်နန်းဒင်မြို့)သို့ ဆက်သွယ် ထားသည့်လမ်းပိုင်း(၃၄)မိုင်ကို မြေသား၊‌ ကျောက်ချောကားလမ်းအဆင့်သို့ မြှင့်တင် ဖောက်လုပ်ပေးရန် ဒေသခံများမျှော်လင့်‌နေကြောင်း  သိရသည်။

 

နောင်မွန်မြို့နယ် ရပ်ဘော့မှ ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသည့်လမ်းပိုင်း(၃၄ မိုင်)ကို မြေသား၊ ကျောက်ချော ကားလမ်းအဆင့်သို့ မြှင့်တင်ဖောက်လုပ်ပြီးပါက ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ(၁၃၀)ကျော်နှင့် ကျေးလက်နေပြည်သူ စုစုပေါင်း(၂၀၀၀)ခန့် အသုံးပြုသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ကျန်းမာ‌ရေး၊စီးပွားရေးနှင့်လူမှုရေး စသည့်အဖက်ဖက်တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ပါကြောင်း ဒေသခံတစ်ဦးဖြစ်သူ မမေရီက ပြောကြားသည်။

 

ယခုလက်ရှိတွင် ခါကာဘိုရာဇီဒေသ  ပန်နန်းဒင်မြို့(ရပ်ဘော့-ပန်နန်းဒင်)အထိ လူနှင့်ဆိုင်ကယ်လမ်း အဆင့်သာ ဖေါက်လုပ်ပေးထားရာ လူနှင့် ဆိုင်ကယ်များသာ တစ်ရာသီပတ်လုံး သွားလာနိုင်ပြီး လူစီးကားယာဉ်ငယ်များမှာ ဆောင်းတွင်းပွင့်လင်းရာသီ အချိန်များတွင်သာ ပန်နန်းဒင်မြို့ တစ်ဖက်ကမ်းအထိ သွားလာနိုင်သည်။ မိုးတွင်းရာသီကာလများတွင် ယာဉ်ငယ်(လူစီးကားသေး)များ သွားလာ၍ မရကြောင်း  ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ထို့နောက် ပန်နန်းဒင်မြို့အ၀င် နမ့်တမိုင်ချောင်းကူးကြိုးတံတားမှာလည်း(အရှည်ပေ ၃၆၀၊  အကျယ်(၆) ပေ)ပျဉ်ခင်းတံတား)လက်ရှိတွင် လူနှင့်ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ငယ် (လူစီးကားသေး)များမှာ ကြိုးတံတားပေါ်မှ ဖြတ်သန်းသွားလာ၍ မရသောကြောင့် ပန်နန်းဒင်မြို့ဘက် ကမ်းအထိ ယာဉ်ငယ်(ကားသေး)များဖြတ်သန်းသွားလာနိုင်သည့် တစ်ဆင့်မြင့် တံတားသစ်တစ်စင်း အမြန်တည်ဆောက်ပေးရန်လည်း မျှော်လင့်နေပါကြောင်း ပန်နန်းဒင်‌ဒေသရှိ ဒေသခံများထံမှ သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)

 

mdn