မန္တလေး ၁၅ နို၀င်ဘာ

ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ (National Health Day) အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် မန္တလေးမြို့ရှိ အသွားအလာများသော နေရာများ၊ စျေးများတွင် နှာခေါင်းစည်း (Mask) များဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများအား တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လုပ်ငန်းများကို ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းမှတစ်ဆင့် ပြည်သူများမှ ကျယ်ပြန့်စွာသိရှိ ပူးပေါင်းဆောင်ရွက်လာစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်လာကြခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်ပြုလုပ်ခြင်းဖြင့် မကူးစက်တတ်သော ရောဂါများနှင့်အခြား ရောဂါများဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်လာကြစေရန်၊ ၀န်ကြီးဌာန စတင်တည်ထောင်ချိန်မှ စတင်၍ ပြည်သူတို့အတွက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ထူးခြားထင်ရှားသော ၀န်ဆောင်မှုများကို မှတ်တမ်းတင်ထားရှိရန် စသည်တို့ကိုရည်ရွယ်၍ အမျိုးသားကျန်းမာရေးနေ့ လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်လှုပ်ရှားမှုတွင် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ အမျိုးသမီးကော်မတီမှ တာ၀န်ရှိသူများ၊ သူနာပြု၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းပါ၀င် ဆောင်ရွက်ကြခြင်းဖြစ်ပြီး ယင်းဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး၀န်ကြီး ဦးဇာနည်အောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက လိုက်လံကြည့်ရှု အားပေးကြသည်။

၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် အမရပူရမြို့နယ် မှန်တန်းရပ်ကွက် နန်းရတနာစျေးအရှေ့၊ စစ်ကိုင်း-မန္တလေးလမ်းနှင့် အမရပူရမြို့နယ်သို့ သွားရာလမ်းတစ်လျှောက်၊ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၇၁ လမ်းကြား၊ ရေနီမြောင်းလမ်းတစ်လျှောက်နှင့် ပျံကျစျေးတို့တွင် လမ်းသွားလမ်းလာ ပြည်သူများ၊ စျေးသူစျေးသားများအား နှာခေါင်းစည်း (Mask) များအား လိုက်လံဝေငှခြင်းနှင့် လက်ကိုင်စပီကာဖြင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ပူးပေါင်းအဖွဲ့နှင့် ပြည်သူလူထုများ၊ စျေးသူစျေးသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ (National Health Day) ဆိုင်ရာ လှုပ်ရှားမှုများကို နို၀င်ဘာ ၁၄ ရက်၌ အထိမ်းအမှတ်အဖြစ် စတင်ဆောင်ရွက်၍ တစ်နှစ်တာ ကာလပတ်လုံးတွင် အမျိုးသားကျန်းမာရေးနေ့၏ ရည်ရွယ်ချက်များကို ရရှိအောင်မြင်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ “ကျန်းမာရေးအသိပညာမြင့်မားဖို့၊ အားလုံးပါ၀င်ဆောင်ရွက်စို့” ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)