ကော့သောင်း   ၁၆   နိုဝင်ဘာ

 

ကော့သောင်းခရိုင်၊ အဏ္ဏဝါအမျိုးသားဥယျဉ် လန်ပိကျွန်းအနီးတစ်ဝိုက် ကျွန်းများဖြစ်သည့် ကိုဖေါ့အော်၊ ညောင်ဝီးကျွန်း တစ်ဝိုက်ပင်လယ်ပြင်အတွင်း ကျောက်ငါးများရေပေါ်တွင် အရှင်မျောပါနေမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးတွေ့ရှိချက်အရ ပင်လယ်ပြင်အတွင်းအရှင်မျောပါနေသည့် ငါးများအနက် ကျောက်ငါး တစ်မျိူးတည်း အများဆုံးတွေ့ရခြင်း၊ ဒဏ်ရာဒဏ်ချက်မရှိခြင်း၊ မျောပါနေချိန်တွင် အသက်ရှင်လျက်ရှိပြီး အမြီးနှင့် ရေယက်များ လှုပ်ခပ်နိုင်ခြင်း၊ အာခေါင်သည် အဝါရောင်သန်းလျက်ရှိပြီး ဆီဖေါင်းပြူထွက်နေမှု မရှိခြင်း၊ နံနက်ပိုင်းအချိန်ဆယ်ယူရရှိသော ကျောက်ငါးအားပင်လယ်ရေဖြင့် ထည့်ထားရာ ရှစ်နာရီခန့်အထိရှင်နေခြင်း၊ သေဆုံးချိန်တွင် ပါးဟက်အရောင်ပြောင်းသွားခြင်း၊ ဖြစ်ပွားသည့်နေရာသည်-လတ်တီကျူ့ ၁၀ဒီ၃၀မိ နှင့်၄၀ မိနစ်ကြား၊ လောင်- ၉၈ဒီ၁၀မိနစ် နှင့် ၁၈မိနစ်ကြား အထူးသဖြင့် လတ်-၁၁ဒီ၁၀မိနှင့် ၂၈မိနစ်၊ လောင်- ၉၈ဒီ ၀၃ နှင့်၀၅ နေရာများတွင်သာ အများဆုံး တွေ့ရှိရပြီးကျန်ဒေသများတွင် မတွေ့ရှိရခြင်း၊ အနီးအနားရွာများ၏ ချောင်းအတွင်း ကျောက်ငါးများ လှောင်အိမ်ဖြင့်မွေးမြူထားသည့် ကျောက်ငါးများသေ ဆုံးမှုမရှိခြင်း စသည့် အချက်များတွေ့ရှိရကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်၏ပြောကြားချက်အရ သိရသည်။

 

ကျောက်ငါးများပေါ်လာမှုကြောင့်ဒေသခံတစ်ချို့ စိုးရိမ်မှုမြှင့်တက်လျက်ရှိပြီး ထိုပေါ်လာသည့် ငါးများအား ချက်ပြုတ်စားသောက်သူများ ကျန်းမာရေးထိခိုက်မှုလက္ခဏာများ မပြကြောင်း ယခင်နှစ်မိုး နှောင်းကာလ ညောင်ဝီးကျွန်းအနီးဝန်းကျင်တွင် ကျောက်ငါးပေါ်သည့် ဖြစ်စဉ်ရှိဖူးသော်လည်း ယခုနှစ်လောက် ကောင်ရေမများကြောင်း၊ ပင်လယ်ကြမ်းပြင်ရေချိုစီးကြောင်းကြောင့် သော်လည်းကောင်း၊ ကျောက်ငါးနှင့် ဓါတ်မတည့်သော ဖြစ်ပွားမှုတစ်စုံတစ်ရာကြောင့် သော်လည်းကောင်း ရေပေါ်တက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်အားသိရှိနိုင်ရေး ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကျောက်ငါးနမူနာ နှစ်ကောင်၊ ရေနမူနာ သုံးဘူး(ရေအနက်မီတာအလိုက်)တို့အား ရန်ကုန်မြို့ရှိအဏုစိတ် သရုပ်ခွဲခြင်းဆိုင်ရာ ဓါတ်ခွဲခန်းများဌာန၊ ငါးရောဂါဌာန၊ ရေအရည်အသွေးစစ်ဆေးရေးဌာနများသို့ ဓါတ်ခွဲသုတေသနပြုရန် ပေးပို့ထားကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)