ပေါက် ၁၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၆၆၃ သန်း အသုံးပြုကာ ကျေးရွာလေးရွာ၌ သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက် ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၆၆၃ သန်းဖြင့် သစ်ကြီးတော၊ ချောင်းဆုံ(တ)၊ သက္ကယ်ကျင်း၊ ရွာသာအေး စသည့် ကျေးရွာလေးရွာတွင် စက်ရေတွင်းသစ် တူးဖော်ခြင်းလုပ်ငန်း နှစ်ခု၊ လက်တူးတွင်းကျယ် တူးဖော်ခြင်းလုပ်ငန်းတစ်ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခု၊ ရေဂါလန်(၂၄၀ဝ)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခုနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းသုံခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့် ပြောပြချက်အရ သိရသည်။
“ ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ယခင်နှစ်က သောက်သုံးရေ ပြတ်လပ်ခဲ့တဲ့ကျေးရွာတွေနဲ့ အခြားသောက်သုံးရေ ရှားပါးနိုင်တဲ့ကျေးရွာ တွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေတယ်လို့ ” မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က ဆက်လက် ပြောပြသည်။
ပေါက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင်လည်း သောက်သုံးရေရှားပါးသော ကျေးရွာ လေးရွာကို တွင်းနက်စက်ရေတွင်းသစ် သုံးတွင်းတူးဖော်ခြင်းနှင့် အခြားရေရရှိရေးလုပ်ငန်းတစ်ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၈၇ ဒသမ ၆၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)


