ညောင်ရွှေ ၁၆ နိုဝင်ဘာ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမများဖြစ်ကြသည့် ဒေါ်စုစုမော်(အထက်တန်းသူနာပြု)နှင့် ဒေါ်ချိုဇင်သက်(သူနာပြု)တို့သည် မိမိတို့၏ သဘောဆန္ဒအလျောက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပရှိ ကိုဗစ်စင်တာသို့ သွားရောက် ကူညီတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရှိသည်။
အဆိုပါ သူနာပြုဆရာမများအား ဂုဏ်ပြုခြင်းအခမ်းအနားကို နိုဝင်ဘာ(၁၆)ရက်၊ နံနက်(၉) နာရီခန့်က မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးခန်းမ၌ပြုလုပ်ခဲ့ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့် မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတို့က အသီးသီးဂုဏ်ပြုစကား ပြောကြားကြပြီးနောက် အလှူရှင်များက သူနာပြုဆရာမနှစ်ဦးအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


