မန္တလေး ၁၆ နိုဝင်ဘာ

 

တရုတ်နိုင်ငံသို့ တင်ပို့သည့် ပို့ကုန်များတွင် သစ်သီးများအား ဦးစားပေးပို့ကုန်အဖြစ် ပို့ဆောင်နိုင်မည့် ဂိတ်လိုင်းတစ်ခု Green Channel ကို ဖော်ဆောင်ထားပြီဖြစ်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

 

နိုဝင်ဘာလ ၁၄ ရက်မှစတင်ကာ နေ့ချင်းဝင်ရောက်နိုင်သဖြင့် သီးနှံပျက်စီးမှုနည်းပါးလာခဲ့ကြောင်း သိရသည်။ ယခင်က ကားအစီးရေ ၃၀ ခန့်သာ ဝင်ရောက်နိုင်ခဲ့ပြီး ယခုအခါ ကားအစီးရေ ၈၀ မှ ၁၀၀ ခန့် အထိ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ကျင်စန်းကျော့ဂိတ်၊ မန့်ဝိန်းဂိတ်တွေမှာ ယာဉ်ကြောကျပ်တည်းနေတဲ့အတွက် မူဆယ် အုပ်ချုပ်ရေးအဖွဲ့များကို တင်ပြပြီး မူဆယ်မြို့က နယ်မြေခံတပ်ရင်း၊ ရဲတပ်ဖွဲ့၊ ကုန်သည်၊ ပွဲစားတွေနဲ့ ယာဉ်မောင်း တွေစုပေါင်းပြီး Green Channel ကိုဖော်ဆောင်တာဖြစ်ပါတယ်။ အဓိကကတော့ လတ်ဆတ်တဲ့ သီးနှံတွေ ပျက်စီးမှု မရှိစေဖို့ အတွက် အခုလိုဆောင်ရွက်တာဖြစ်ပါတယ် ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောသည်။

 

အဆိုပါ Green Channel တွင် သစ်သီး၊ ရေထွက်နှင့် ကြက်သွန်ကားတန်းတစ်ခုရခဲ့ပြီး ဈေးကွက်လိုအပ်ချက်အရ ကုန်စည်ကားများ ပိုမိုတင်သွင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

 

မေသက်ထား

Photo- ခွါညိုသစ်သီးပွဲရုံ