ဝန်းသို ၁၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင်NEP စီမံကိန်း၊ မဟာဓာတ်အား လိုင်းပြင်ပ (Off Grit) Solar Home System ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အသုံးပြုသူ နေအိမ်များသို့ SHS ဆိုလာစနစ်တပ်ဆင်နေမှုမျအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မီးလင်းရေးတာဝန်ခံ အင်ဂျင်နီယာ ဒေါ်အိမွန်ဟိန်းနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အဆိုပါဘုံချောင်းကျေးရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်ရာ၌ Solar 60 Wအသုံးပြုသူ ၁၂ဦးနှင့် Solar 100 W အသုံးပြုသူ (၂၅)ဦးကို ဆိုလာစနစ်များတပ်ဆင်ပေးလျက်ရှိရာ အဆိုပါ ဆိုလာစနစ်တွင် Solar 60 W ကိုပြည်သူထည့်ဝင်ငွေ ငါးသောင်း၊ Solar 100 W အတွက် ပြည်သူထည့်ဝင်ငွေ တစ်သိန်းခွဲ အချိုးကျထည့်ဝင်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အများနှင့်ဆိုင်သော ကျန်းမာရေးအဆောက်အဦး (၁)ခု၊ပညာရေးအဆောက်အဦး ၁ခု၊ ဘာသာရေးကျောင်းများဖြစ်သော ဘုန်းတော်ကြီးကျောင်းနှင့် ခရစ္စယာန် ကျောင်း၊လမ်းမီးတိုင် (၅)တိုင်တို့ကို စီမံကိန်းမှ အခမဲ့ တပ်ဆင်ပေး မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ တစ်အိမ်သုံးဆိုလာများ စနစ်တကျတပ်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအပေါ် ဆွေးနွေးမှာကြားခဲ့ပြီး စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေး အဆောက်အဦများတပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်နိုင်ရေး ကျေးရွာမီးလင်းရေး ကော်မတီ၊ တပ်ဆင်ရေးအဖွဲ့၊ ရွာအုပ်ချုပ်ရေးအဖွဲ့တို့အားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


