နေပြည်တော် ၁၆ နိုဝင်ဘာ
(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ On line CAEXPO ၌ B2B အစီအစဉ်များတွင် one - on - one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကုန်စည်ပြပွဲတွင် COVID-19 ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင်ကုမ္ပဏီများ သွားရောက်မပြသနိုင်သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်းရှင် ကုမ္ပဏီခွဲ (၁၆)ခုက မြန်မာ့ထွက်ကုန် နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း)တို့၏ ပူးပေါင်းမှုဖြင့် ပြခန်း(၂၈)ခန်း ပါဝင်ပြသရန် စီစဉ်ထားသည်။
နန်နင်းကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ၈၁ စတုရန်းမီတာ အကျယ်အဝန်းရှိ မြန်မာပြခန်းဆောင်၌ မြန်မာနိုင်ငံအရပ်ရပ်ရှိ ထင်ရှားသောမြို့များ၏ မြန်မာ့ရှုခင်း၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေးကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန်စီစဉ်ထားရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို မိတ်ဆက်ပြသလိုပါက မြန်မာလုပ်ငန်းရှင်များ၏ တရားဝင်တည်ထောင်ထားသော လုပ်ငန်းများ၏ လုပ်ငန်း/ ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယိုဖိုင် (ကြာမြင့်ချိန်- ၅ မိနစ်မှ ၁၀ မိနစ်ခန့်၊ ဖိုင်အမျိုးအစား- mp4၊ နောက်ခံစကားပြောအဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြောဖြစ်ရမည်။ မြန်မာစကားပြောနောက်ခံဖြစ်ပါက အင်္ဂလိပ်ဘာသာ (သို့မဟုတ်) တရုတ်ဘာသာဖြင့် sub-title ရေးထိုးရမည်) ပြုစု၍ ပြသနိုင်သည်။ သို့ပါ၍ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ [email protected] နှင့် [email protected] တို့သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက် ထက်နောက်မကျစေဘဲ ပေးပို့ပြသနိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


