နေပြည်တော် ၁၆ နိုဝင်ဘာ

 ရေချို ရေငန် ငါးပုစွန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Virtual Meeting စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့မှုရှိစေပြီး ငါးရိက္ခာများ သားစဉ်မြေးဆက်ထုတ်ယူ သုံးစွဲနိုင်ရန်အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များအလိုက် ဥပဒေများ ပြဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီထားခြင်းများနှင့်အညီ လက်တွေ့နယ်ပယ်အသီးသီးတွင် အလေးထားလိုက်နာ ဆောင်ရွက်ရေး တစ်နိုင်တစ်ပိုင်မှသည် စီးပွားရေးအရ အမြောက်အမြား ထုတ်ယူသုံးစွဲနေသော လုပ်ငန်းရပ် ဆက်စပ်သူများအနေနှင့် အဆိုပါပြဌာန်းချက်များကို သိရှိနိုင်ရေးနှင့် လိုက်နာကျင့်သုံးရေးတို့အတွက် ဌာနတာ၀န်ရှိသူများက အစဉ်တစ်စိုက် ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ခေတ်မီ ရေချို ရေငန် ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြခြင်းဖြင့် ငါးလုပ်ငန်းများ ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ငါးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြသူများနှင့် ရေလုပ်သားများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ငါး/ ပုစွန်သားဖောက်စခန်းများက ငါးပုစွန် မျိုးကောင်း၊ မျိုးသန့်များအား သားဖောက်ထုတ်လုပ်ခြင်း၊ တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံများက သားဖောက်ထုတ်လုပ် ဖြန့်ဖြူးပေးခြင်း၊ အခြေခံ ငါးဆေးထိုးသားဖောက် စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ မွေးမြူရေးကျင့်စဉ်ဖြစ်သည့် GAqP စနစ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်း။ သဘာဝရေ မြေနှင့် ကိုက်ညီစွာ မွေးမြူနိုင်စေရန် (Genetically Improved Farmed Tilapia- GIFT Tilapia) GIFT တီလားပီးယား မျိုးစိတ်များတင်သွင်း၍ ဌာနစခန်းများတွင် မျိုးပွားစေပြီး နေရာဒေသမရွေး မွေးမြူနိုင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

အလားတူ စီးပွားဖြစ်မွေးမြူရန် စျေးကွက်၀င်ငါးမျိုးစိတ်(၂၁)မျိုး အောင်မြင်စွာ သားဖောက်ထုတ်လုပ်ခြင်း၊ အသားတိုးမွေးမြူခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တိုင်းရင်းငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ ဂရန်အင်းများ တိမ်ကောပပျောက်မှုမှ ကာကွယ်နိုင်ရေးနှင့် ငါးအထွက်နှုန်းတိုးစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အင်းပေါင်း(၁၁)အင်းကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍ သုတေသန အင်းများအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်း(၁၁)အင်း၌  ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်အထိ (၃)နှစ် ဆက်လက်လုပ်ကိုင်ခွင့်ပြုပေးခဲ့သည်။

ငါးဖမ်းရေယာဉ်များ၌  ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးစနစ် (Vessel Monitoring System-VMS)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သဖြင့် တရားမဝင် ငါးဖမ်းဆီးခြင်းမှရရှိသည့်  ရေထွက်ကုန်ပစ္စည်းများ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းသို့ ဝင်ရောက်မှုမရှိစေရေး၊ ငါးဖမ်းရေယာဉ်များ တရားမဝင် လုပ်ငန်းလုပ်ကိုင်မှု လျော့နည်းလာစေရေး ဆောင်ရွက်နိုင်ခဲ့ကာ အဆိုပါလုပ်ငန်းကို စဉ်ဆက်မပြတ်စစ်ဆေးကြီးကြပ်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် အမျိုးသားအဆင့် ဓာတ်ကြွင်းစောင့်ကြည့်စစ်ဆေးမှု အစီအမံ (National Residue Monitoring Plan)ကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစပြီး အကောင်အထည်ဖော်လာခဲ့ရာ ၂၀၁၉ ခုနှစ်၊ မေလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ မွေးမြူရေး ရေထွက်ကုန် (၁၀)မျိုးကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ စျေးကွက်ချဲ့ထွင် တင်ပို့လျက်ရှိသည်။

ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာန၏ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းကို ထိုင်းနိုင်ငံ BLQS (Bureau of Laboratory Quality Standard) DMSc ဌာနမှ ISO:IEC 17025:2017 Version  Certificate အား ၂၀၂၀-၂၀၂၂ အထိ (၂)နှစ်တာ ဆက်လက်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး လိုအပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်