နေပြည်တော် ၁၆ နိုဝင်ဘာ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း၊ ဟိုနားလမ်းဆုံနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 2B/5377) NISSAN (၁၀)ဘီး (ကြက်သွေးရောင်/ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်ခွဲသား/ စကွဲယား (၈၂)တုံး/ ချောင်း (၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ကျောက်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၀)အတွင်း ထွန်စက်(နောက်တွဲပါ) (၂)စီးပေါ်မှ တရားမဝင် ကျွန်းသစ်(ဗုံတို)/ အင်ကြင်း/ ကညင်/ အင်သစ်/ လုံးပတ် ၃ ပေအောက် ကျွန်းသစ်(ဗုံတို) (၂၃)လုံး၊ (၃)တန်နှင့် တရားခံ(၂)ဦးအား လည်းကောင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ ဆိပ်ကမ်းတွင် ရေမင်းနဒီ-၂ အမည်ပါ ရေယာဉ်အား တရားမဝင် ကျွန်း/ ကညင်ခွဲသား/ ပကာ/ ပါကေး (၅၈၃၁)ချောင်း၊ (၈၈ ဒသမ ၁၅၁၃)တန်နှင့်  တရားခံ(၄)ဦးတို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

MDN