တောင်ကြီး ၁၆ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ(၂) ဆိုင်အမှတ် ၃၈၊ ပိုင်ရှင် ဦးသန်းဇော် ပိုင်ဆိုင်သော ရွှေခြင်္သေ့ဓာတ်ဆီဆိုင်တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဆီဘောက်ဆာအတွင်းမှ ဆီများ ပေပါအတွင်းသို့ ပြောင်းထည့်နေစဉ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးနေလင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ရပ်ကွက်နေပြည်သူများမှ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွှေညောင်မြို့များမှ မီးသတ်ယာဉ် (၁၄)စီး၊ ရေသယ်ယာဉ် (၆)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အသေအပျောက် ဒဏ်ရာရသူမရှိကြောင်း၊ မီးလောင်မှုကြောင့် အလျား (၂၄) ပေ၊ အနံ (၂၅)ပေရှိ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်အဆောက်အဦ တစ်လုံးနှင့် ဆီပေပါ (၇၀)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးသန်းဇော်အား ရွှေညောင်မြို့ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)