နေပြည်တော် ၁၆ နိုဝင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ KOFIH အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများသည် စဉ်ဆက်မပြတ် ပံ့ပိုးလှူဒါန်းမှုများ ပြုလုပ်နေခြင်း အပေါ်ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲဆက်စပ်ပစ္စည်းများ၊ Rapid Antigen Diagnostic Test Kit များ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး အသုံးအဆောင်များကို ကိုရီးယားသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းလျက်ရှိရာ ယခုအချိန်အထိ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃)သန်းခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံမှ အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကုမ္ပဏီများမှ လှူဒါန်းမှုများလည်း ရှိပါကြောင်း။
ထိုကဲ့သို့ လှူဒါန်းပံ့ပိုးမှုများသည် မြန်မာနိုင်ငံပြည်သူများအတွက် များစွာအကျိုးရှိစေပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုမြင့်မားစေရေးအတွက်လည်း အကျိုးရှိစေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး စီမံချက်အသွင်လှုပ်ရှားမှုကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ပေးအပ်လှူဒါန်းသည့် COVID-19 Antigen Test Device (၄၄,၀၀၀) ခုသည် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ လူနာများကို စောစီးစွာရှာဖွေကုသမှုပေးနိုင်ရန်နှင့် ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ရန် လုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာ က လွန်ခဲ့သော အပတ်က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှုရရှိခဲ့ခြင်းကို ဝမ်းမြောက်စွာဂုဏ်ပြုပါကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပစဉ်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါအတွက် လိုအပ်သော ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အခမ်းအနားသည် အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံ ကျင်းပနေသည့်ကာလနှင့် တိုက်ဆိုင်နေပြီး ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတ Mr.Moon Jae-in က ယခင် New Southern Policy မှ New Southern Policy Plus သို့ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပါကြောင်း၊ အဆိုပါမူဝါဒအသစ်တွင် ဦးစားပေးလုပ်ငန်းနယ်ပယ် (၇)ခုပါရှိပြီး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် အကူအညီလိုအပ်သော အာဆီယံနိုင်ငံများကို ထောက်ပံ့ရန်အတွက် ASEAN-Korea Cooperation Fund တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံး ထောက်ပံ့ကူညီပေးခြင်းဖြစ်ပါကြောင်း၊ KOFIH မှလည်း COVID-19 Antigen test kit များနှင့် portable X-ray များကို ထောက်ပံ့ပေးခဲ့ပါကြောင်း။
ထို့အပြင် KOFIH သည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မကူးစက်နိုင်သောရောဂါများနှင့် ကူးစက်ရောဂါဆိုင်ရာ စွမ်းရည်မြှင့်တင်မှုလုပ်ငန်းများအတွက်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ First Secretary Ms. Oh You Na က ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy Plus နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ KOFIH Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr. Ahn Jong-soh ကယခုပေးအပ်လှူဒါန်းမှုများမှာ ASEAN – Korea Cooperation Fund ဖြင့် မြန်မာနိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံးအဖြစ် ထောက်ပံ့ကူညီပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအပါအဝင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ရှေ့ဆက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund (AKCF) ဖြင့် လှူဒါန်းပေးအပ်သည့် အမေရိကန်ဒေါ်လာ (၄၂၅,၃၆၀) တန်ဖိုးရှိ COVID-19 Antigen Test Device (၄၄,၀၀၀) ခုကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာ က ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


