မိုးညှင်း ၁၇ နိုဝင်ဘာ
မိုးညှင်းမြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း(၄၀)တွင် ပါဝင်ကူညီခဲ့ကြသည့် Volunteer ၃၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ်၂၈၄၄၀၀၀၀ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံပေးအပ်ရာ အမျိုသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဆွေနိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးတို့ တက်ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပါဝင်ကူညီခဲ့ကြသည့် Volunteer တစ်ဦးကို တစ်ရက်လျှင် ဆီဖိုးငွေ ၅၀၀ ကျပ်နှင့် စားသောက်စရိတ် ၂၅၀၀ ကျပ် အတွက် (၁)လစာကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာ အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးထံပေးအပ်သည်။
ဆက်လက်၍ မိုးညှင်းမြို့ပေါ်ရှိ ပုညရှင်မျက်စိကုဆေးရုံနှင့် မိုးညှင်းတက္ကသိုလ်ဝင်းအတွင်း စံပယ်ဆောင် တို့တွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပါဝင်ကူညီခဲ့ကြသည့် We Love Mohnyin မှ Volunteer(၃၀) အတွက်ထောက်ပံ့ငွေကျပ် ၂၇၀၀၀၀၀ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်က လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ Volunteer (၃၅)ဦး အတွက် ငွေကျပ် ၃၁၅၀၀၀၀ ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်အေးက လည်းကောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ခံများက လက်ခံရယူခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ရန်ကျန်ရှိသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း (၃၈)ခုမှ Volunteer များအတွက်ကိုလည်း သက်ဆိုင်ရာ စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူများထံအချိန်နှင့် တစ်ပြေးညီ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားခဲ့သည်။
ကျော်ကျော်ထွေး(မိုးညှင်း)


