မုဒုံ ၁၇ နိုဝင်ဘာ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပေးအပ်သည်။
အဆိုပါ ထောက်ပံငွေများအား မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် သွားရောက် ထောက်ပံ့ရာတွင် အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝ ရောက်ရှိစေရေး အထူးဆောင်ရွက်သွားရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ခွဲဝေတာဝန်ပေးထားသော တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးများကို လမ်းညွှန်မှာကြားခဲ့သည်။
မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၁၁၉၈၆ စုအတွက်(၂၃၉၇၂၀၀၀၀) ကျပ်အား နိုင်ငံတော်မှ ထောက်ပံ့ခြင်းဖြစ်ရာ အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


