ချောင်းဆုံ ၁၇ နိုဝင်ဘာ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တီဘီရောဂါကင်းဝေးပပျောက်စေရေး လူတိုင်းသက်တမ်းစေ့ နေထိုင်စေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဦး ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာ (၁၆)ရက် နံနက် (၉)နာရီက စတင်ပြီး မုဒွန်းကျေးရွာခန်းမ၌ Mobile TB Team တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသပေးခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်စေရေး အချိန်ခွဲပြီး (ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ကျေးရွာအတွင်းရှိ တီဘီရောဂါ သံသယရှိသူများ၊ တီဘီရောဂါရှိသူနှင့်အတူနေမိသားစုဝင်များ၏စာရင်းများကို ကြိုတင်ကောက်ယူပြီး ရောဂါလာရောက် စစ်ဆေးခံမည့်သူများအား ဆေးစစ်ချိန်ခွဲကာ ဖိတ်စာပေးပို့ထားကြောင်း၊ မုဒွန်းကျေးရွာဆေးကုသသည့် စုရပ်တွင် လာရောက်ပြသသူ(၁၂၂)ဦးကို ဓါတ်မှန်ရိုက်စစ်ဆေးပေးကာ တီဘီရောဂါသံသယ လက္ခဏာရှိသူ (၂၀)ဦး၏ သလိပ်စစ်ဆေးချက်ယူ၍ မော်လမြိုင်တီဘီဓါတ်ခွဲဌာနသို့ ဆေးစစ်ရန် ပေးပို့ထားလျက်ရှိကြောင်း၊ စစ်ဆေးပြီး ပိုးတွေ့လူနာများကို တီဘီဆေးများ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆေးကုသ ကွင်းဆင်းခြင်းကို ချောင်းဆုံမြို့နယ်တွင်  နိုဝင်ဘာ (၁၆)ရက်မှ (၂၀)ရက်အထိ (မုဒွန်း၊ ကလွီ၊ ရွာလွတ်၊ ချောင်ဆုံ၊ တိုးချဲ့ရပ်ကွက်၊ ကညှော်) ကျေးရွာတို့တွင် စုရပ်အဖြစ်ထားရှိပြီး တီဘီရောဂါရှာဖွေကုသ ပေးသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)