စစ်ကိုင်း ၁၆ နိုဝင်ဘာ
စစ်ကိုင်းခရိုင် Coronavirus Disease 2019(COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို နိုဝင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတက်ရောက် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်း တို့တက်ရောက်၍ ဆွေးနွေးအမှာစကားများကိုပြောကြားခဲ့ကြရာ စစ်ကိုင်းခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် ခရိုင်အဆင့် လုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့များက မိမိတို့၏လုပ်ငန်းများ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လက်တွေ့မြေပြင်မှာ တွေ့ကြုံရသည့်အခြေအနေများ၊ မိမိတို့မြို့နယ်များတွင်(COVID-19)ရောဂါနှင့် ပတ်သက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရန် လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် တွေ့ကြုံရသည့်အနေအခြေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်များသို့ ထောက်ပံ့ပေးအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စစ်ကိုင်းမြို့နယ် ပရဟိတအဖွဲ့များမှ ပိုးတွေ့လူနာများနှင့် အထွေထွေလူနာများကောက်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်များအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကပေးအပ်ရာ စစ်ကိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်ပရဟိတအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)


