သထုံ  နိုဝင်ဘာ  ၁၇

 

မွန်ပြည်နယ်၊ သထုံမြို့၊ လေယာဉ်ကွင်းဟောင်းအတွင်းရှိ ယာယီပျံကျဈေး၊ သုဝဏ္ဏဈေးနှင့် မြို့မဈေးတို့တွင် ဈေးရောင်ချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို နိုဝင်ဘာလ ၁၇ ရက်၊ နံနက်က တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

 

ဈေးများအတွင်း ရောင်းချနေမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ဈေးတာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Social Distancing အရ စနစ်တကျ ရောင်းချခြင်း၊ Mask တပ်ဆင်ခြင်း စသည့် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ရောင်းချနေခြင်း ရှိမရှိကို လိုက်လံစစ်ဆေးပြီး လိုအပ်နေသူတို့အား Mask များဝေငှပေးကာ အသိပညာပေးခြင်းများကို ဆောင် ရွက်ခဲ့ကြသည်။

 

သထုံမြို့ရှိ သုဝဏ္ဏဈေးနှင့်မြို့မဈေးတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း အတွင်း၌ ယာယီပျံကျဈေးအဖြစ် ပြောင်းရွှေ့ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်ညီ Social Distancing ဖြင့် ဆိုင်ခန်းပေါင်း ၃၈၀ ခန့်အား နေရာသတ်မှတ် ရောင်းချခွင့်ပေးထားပြီး စစ်ဆေးကြပ်မတ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သက်ဦး(သထုံ)