လှိုင်းဘွဲ  ၁၇   နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာ တောင်သူဦးပေါ်လင်းနှင့် ဦးစိုးနိုင်တို၏ လယ်မြေ၌ စိုက်ပျိုးထားသော ဆင်းသုခမျိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် တောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ရာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသန်းထိုက်မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေက ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးရလဒ်နှင့် ခရိုင်အတွင်း ကျေးရွာအုပ်စု(၂၁၅)အုပ်စုရှိရာ ကျေးရွာခွဲပေါင်း(၁၀၀၀) ကျော်မှ တောင်သူအချင်းချင်း နည်းပညာများ ပြန့်ပွားလျှင် လူ(၁၀၀၀) အား နည်းပညာပေး ပြီးဖြစ် ကြောင်း၊ Covid-19 ကာလအတွင်း ဝန်ထမ်းများ ကွင်းဆင်းသတ်မှတ်ချက်ကြောင့် တောင်သူမှ တောင်သူသို့ အချင်းချင်းနှီးနှောဖလှယ်ခြင်းက တောင်သူအားလုံးကို လွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးနည်းပညာ သီးနှံဈေးကွက်အခြေအနေများ ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံပြောင်းလဲစိုက်ပျိုး နည်းပညာများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တောင်သူဦးစိုးနိုင်မှ မိမိ၏ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းနှင့် အခြားလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှု ဆားရေစိမ်၍ မျိုးစပါးစိုက်ပျိုးနည်း အဆင့်ဆင့်ပြုလုပ်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများ မျိုးကွဲနုတ်ပယ်ခြင်းကြောင့် မျိုးကောင်းမျိုးသန့်များ ရရှိစေခြင်း စိုက်ပျိုးရေးဦးစီးဌာနမှ ချမှတ်ထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းကြောင့် အထွက်နှုန်းပိုမို တိုးတက်လာမှု အခြေအနေများအား တောင်သူများအား အချင်းချင်းနည်းပညာဖြန့်ဝေပေးခဲ့သည်။

 

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွင်း စပါးများစိုက်ပျိုးထားရှိမှု အခြေအနေများကို ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်၊ ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် တောင်သူများက စပါးခင်းအတွင်း ကွင်းဆင်းကြည့်ရှုကာ တောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်း အစီအစဉ်ကို Covid-19 ကာလ CERP အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပြည်နယ်ဦးစီးမှူးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါတောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်း ကွင်းသရုပ်ပြပွဲသည် တောင်သူများ တစ်ဦးနှင့် တစ်ဦး စိုက်နည်း၊ ပျိုးနည်း၊ နည်းပညာများ ဖလှယ်ကာ လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာ စေပြီး ဈေးကွက်ကောင်းတစ်ခု ရရှိ၍ ဝင်ငွေတိုးပွားလာကာ ကျန်းမာသန့်ရှင်းသော အစာအာဟာရ ထုတ်ကုန်များ ရရှိစေခြင်းအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)