မြိုင်   ၁၇  နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့လျှက်ရှိရာ မြိုင်မြို့နယ်အနေဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဆိုပါအစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်း ဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မြို့ဝင် စစ်‌ဆေးရေးဂိတ်များ ထားရှိခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Quarantine Centre များအား ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ နေရာထိုင်ခင်းများအား တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ခင်းရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို တွေ့ဆုံဆွေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်