သရက် ၁၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၇၀ သန်း အသုံးပြုကာ ကျေးရွာ ၃ ရွာ၌ ကုန်ထုတ်လမ်း ၂ လမ်းနှင့် ရေကျော်တစ်စင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် ပုဏ္ဏားကျေးရွာ၌ အရှည် ပေ ၃၃၀၀၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မရှိ မြေနီကျောက်စရစ်ဖြန့်ခင်းခြင်းနှင် အဆိုပါလမ်းပေါ် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရွာထောင်ကျေးရွာ၌ အရှည်ပေ ၆၆၀၀၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေ ကိုးလက်မရှိ မြေနီကျောက်စရစ်ဖြန့်ခင်းခြင်းနှင့် အဆိုပေါ်လမ်းပေါ် Box Culvert တစ်စင်း၊ ရေကျော်တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ တပ်ကျေးရွာ၌ အရှည်ပေ ၁၅၀ ရှိ ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းတို့အား အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာ သုံးရွာနှင့်အနီး၀န်းကျင်မှ စိုက်ပျိုးလယ်ယာဧက ၉၀၀ ခန့်မှ ထက်ရှိသော ထွက်ကုန် သီးနှံများအား စျေးကွက်သို့ ရာသီမရွေး တင်ပို့ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါတယ်" ဟု သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


